Saturday, February 29, 2020

တပ်မတော်၏ ရိက္ခာ ပို့ဆောင်ရေးအတွက် ဖာပွန်ဒေသတွင် လမ်းဖောက်လုပ်ခြင်းကို လက်ခံမည်မဟုတ်ဘဲ ရိက္ခာပို့ဆောင်ရေး နည်းလမ်းနှင့်ပတ်သက်၍သာ ဆွေးနွေးမည်ဟု KNU အထွေထွေ အတွင်းရေးမှူး ပြောကြား

တပ်မတော်၏ ရိက္ခာ ပို့ဆောင်ရေးအတွက် ဖာပွန်ဒေသတွင် လမ်းဖောက်လုပ်ခြင်းကို လက်ခံမည်မဟုတ်ဘဲ ရိက္ခာပို့ဆောင်ရေး နည်းလမ်းနှင့်ပတ်သက်၍သာ ဆွေးနွေးမည်ဟု KNU အထွေထွေ အတွင်းရေးမှူး ပြောကြား
ဖေဖော်ဝါရီ ၁၉ ရက်က KNU ဒုတိယဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော်ကိုယ်စားလှယ်အဖွဲ့တို့  နေပြည်တော်၌ တွေ့ဆုံစဉ်
ဖေဖော်ဝါရီ ၁၉ ရက်က KNU ဒုတိယဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော်ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်၌ တွေ့ဆုံစဉ်
PUBLISHED 29 FEBRUARY 2020
 
မင်းနိုင်စိုး

တပ်မတော်၏ ရိက္ခာပို့ဆောင်ရေး အတွက် ကရင်ပြည်နယ် မူတရော်ခရိုင် ဖာပွန်ဒေသတွင် လမ်းဖောက်လုပ်ခြင်းကို လက်ခံမည်မဟုတ်ဘဲ ရိက္ခာပို့ဆောင်ရေးနည်းလမ်းနှင့် ပတ်သက်၍သာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစော တာဒိုမူးက ပြောကြားသည်။
တပ်မတော်၏ ရှေ့တန်းစစ်စခန်းများသို့ ရိက္ခာပို့ဆောင်နိုင်ရေးအတွက် ဖာပွန်ဒေသ တွင် လမ်းဖောက်လုပ်မှုနှင့်ပတ်သက်၍ တပ်မတော်နှင့် KNU လက်အောက်ခံ တပ်မဟာ များအကြား ထိတွေ့မှုများနှင့် စစ်ရေးတင်းမာ မှုများရှိနေပြီး အဆိုပါအခြေအနေများနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖော်ပြ ခဲ့သော ပဒိုစောတာဒိုမူး နှင့် KNU သတင်း နှင့်ပြန်ကြားရေးဌာနတို့၏ သီးသန့်တွေ့ ဆုံမေးမြန်းမှုတွင် ပဒိုစောတာဒိုမူးက ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဒီလမ်းကိစ္စကို ကျွန်တော်တို့ လက်မခံဘူး။ ဆိုတော့ ဒီလမ်းကိစ္စနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ NCA ထဲ မှာလည်း ပါတာမဟုတ်ဘူး။ အဲဒီတော့ လမ်းကိစ္စနဲ့ ပတ်သက်လို့ မဖောက်ပါနဲ့လို့တော့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ အဲဒီတော့ တစ်ခုပဲရှိတာက ဒီရိက္ခာရောက်အောင် ဘယ်လိုပို့မလဲဆိုတဲ့အပိုင်းကိုတော့ ကျွန်တော်တို့ ဆွေးနွေးမယ်”ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။
တပ်မတော်၏ ရှေ့တန်း စစ်စခန်းများသို့ ရိက္ခာပို့ဆောင်ရန်အတွက် တပ်မတော်၏ သဘောထားမှာ လမ်းဖောက်လုပ်ပြီးမှသာ ရိက္ခာပို့မည်ဟူသော သဘောထားရှိသည့်အတွက် ဆွေးနွေးရန် လိုအပ်နေခြင်းဖြစ်ပြီး ထိုသို့ ဆွေးနွေးခြင်းသည် NCA အရဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လမ်းဖောက်လုပ်မှုကိစ္စနှင့်ပတ်သက်၍ တပ်မတော်နှင့် KNU လက်အောက်ခံ တပ်မဟာများအကြား ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထိတွေ့မှုများရှိခဲ့သည့်အတွက် ဖာပွန်ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်မှုများ ရှိနေပြီး ထိုသို့ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းသည် နှစ်ဖက် အကြား လက်ခံနိုင်သော အဖြေ မထွက်သေးမီ ကြားကာလတွင် တစ်ဖက်သတ် အင်အားသုံး၍ အကောင်အထည်ဖော်လိုသော ဆန္ဒကြောင့်ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောကြားသည်။
ရိက္ခာပို့ဆောင်ခြင်းနှင့်ပတ်သက်၍ တပ်မတော်နှင့် KNU တို့ ဆွေးနွေးရာတွင် ရိက္ခာပို့ဆောင်ခြင်းထက် လမ်းဖောက်လုပ် ခြင်းကို ဦးစားပေးလုပ်ဆောင်မှုအပေါ် နှစ် ဖက်အကြား အမြင်ကွဲပြားမှုများရှိနေပြီး တပ် မတော်က လမ်းဖောက်လုပ်မှုအပေါ် တစ် ဖက်သတ်အခြေခံဖြင့် ဆောင်ရွက်ရာတွင် KNU လက်အောက်ခံ တပ်မဟာများ အကြား တွင်လည်း စိုးရိမ်မှုရှိလာသည့်အတွက် ခုခံ ကာကွယ်မှုမှတစ်ဆင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့ ရသည်ဟု ၎င်းက ရှင်းလင်းပြောကြားသည်။
ထို့ပြင် အောက်ခြေတွင် ဖြစ်ပွားခဲ့သော ထိတွေ့မှုများသည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် မတူညီသော အဓိပ္ပာယ်ဖွင့် ဆိုချက်ဖြင့် တစ်ဖက်သတ် အရေးယူဆောင် ရွက်မှုများကြောင့်သာဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။ 
“ကျွန်တော်တို့ အခုဖြစ်သွားတဲ့ ဖြစ်စဉ်လေးတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ကန့်သတ် ချက်တွေကို ကျော်လွန်ပြီး လုပ်ဆောင်တဲ့ အပေါ်မှာ ကိုယ့်ဘက်က ကာကွယ်တဲ့ အစိတ် အပိုင်းပဲ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီဟာတွေက ကျွန်တော်တို့ သေသေချာချာ ဒီကိစ္စကို ဖြေရှင်းမယ်ဆိုရင် ပြေလည်နိုင်ပါတယ်”ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။
တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် KNU တို့အကြား ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် တစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါ ၁၉ ရက်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တွေ့ ဆုံထားပြီး ထိုသို့တွေ့ဆုံရာတွင် NCA အပေါ် နှစ်ဖက်နားလည်မှု တူညီအောင် ဆွေးနွေး မည့် လုပ်ငန်းစဉ်တစ်ခုကို အတိုင်းအတာတစ်ခုအထိ နှစ်ဖက်က နားလည်လက်ခံ သဘောတူထားသည့်အဆင့်ရှိသည်ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။
နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး အဆိုပါဆွေးနွေးပွဲများမှတစ်ဆင့် နှစ်ဖက်က လက်ခံနိုင်သော အခြေခံများကို ရရှိလာမည် ဖြစ်ကာ ထိုသို့ရရှိလာသော အခြေခံများအတိုင်း နှစ်ဖက်က လိုက်ပါဆောင်ရွက်ခြင်း ဖြင့် အောက်ခြေထိတွေ့မှုများကို ရှောင်ရှားနိုင်မည်ဟု ပဒိုစောတာဒိုမူးက ဆိုသည်။
ဖာပွန်ဒေသအတွင်း လမ်းဖောက်လုပ်မှုနှင့်ပတ်သက်၍ တပ်မတော်နှင့် KNU တို့ အကြား လက်ရှိ နောက်ဆုံးအခြေအနေမှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲမှ မတူညီသော သဘောတူညီချက်များကို ပြန်လည်ယူဆောင် လာခဲ့ပြီး ယင်းဆောင်ရွက်ချက်သည် NCA အရ မည်သို့ ကွဲလွဲမှုရှိသည်ကို သေချာလေ့ လာ၍ တပ်မတော်ထံပြန်လည်တင်ပြသွား မည်ဖြစ်ကြောင်း KNU အထွေထွေအတွင်း ရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်ပြည် နယ်တွင် တပ်ရင်းမှူးရာထူး၊ တပ်မမှူးရာထူး ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ကရင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို လို လားကြောင်း၊ ဖာပွန်ဒေသတွင် တပ်မတော်၏ လမ်းဖောက်လုပ်မှုသည် လမ်းဟောင်းပြုပြင် ခြင်းသာဖြစ်ပြီး အဆိုပါလမ်းအား KNU နှင့် ဒေသခံများ အသုံးပြုရန်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုသို့ လမ်းဖောက်လုပ်မှုနှင့်ပတ်သက် ၍ တပ်မတော်၏ သဘောထားမှာ KNU အနေဖြင့် အမြင်မကျဉ်းစေလိုကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment