ကေအိုင်အေလက်နက်ကိုင်အဖွဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ချုပ် ဆိုပြီးမှသာ ကချင်ပြည်နယ်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းကို ရာနှုန်းပြည့်လုပ်ဆောင်နိုင်မည်ဟု ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ပြောကြား

ကေအိုင်အေလက်နက်ကိုင်အဖွဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ချုပ် ဆိုပြီးမှသာ မိုင်းရှင်းလင်းရေးလုပ်ငန်းကို ရာနှုန်းပြည့်လုပ်ဆောင်နိုင်မည်ဟု ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး နေလင်းထွန်းက ဖေဖော် ၀ါရီ ၂၈ ရက်က လွှတ်တော်၌ ပြောကြားသည်။
ကချင်ပြည်နယ် ရွှေကူမြို့နယ် မဲဆန္ဒ နယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုက “ စစ်ဘေးရှောင်စခန်းများမှ မိမိတို့မူလကျေးရွာသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ရာတွင် ပြန်လည်လုပ်ကိုင် စားသောက်နိုင်ရန်အတွက် စစ်အတွင်းက ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများအား သက်ဆိုင်ရာဌာနအနေဖြင့် တာဝန်ယူရှာဖွေဖယ်ရှားပေးရန် အစီအစဉ် ရှိ မရှိ ’’လွှတ်တော်သို့ မေးမြန်းရာတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
ယင်းမေးခွန်းနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက ဖြေကြားရာတွင် တပ်မတော်နှင့်ကေအိုင်အေလက်နက်ကိုင် အဖွဲ့တို့၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲ ရေးငြိမ်းချမ်းရေးယူခဲ့ကြောင်း၊ ၁၇ နှစ်ကြာပြီးနောက် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် တပ်မတော်နှင့် ကေအိုင်အေလက်နက်ကိုင်အဖွဲ့တို့ စတင်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲကြောင့် တိုက်ပွဲရှောင်နေရပ်စွန့်ခွာသူ လက်ရှိတွင် အစိုးရထိန်းချုပ်နယ်မြေတွင် စခန်းပေါင်း ၈၅ ခု၊ ကျေးရွာ ၃၃၀ ခန့်ရွှေ့ပြောင်းရကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပြန်သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တွင် တပ်မတော် စစ်ရေးလှုပ်ရှားမှုကို လေးလကြေညာပြီး နောက်ပိုင်း ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ပေါင်းစပ်ပြီး IDPs စခန်းမှ မူလနေရပ်သို့ ပြန်လိုကြောင်း ဆန္ဒပြုလာသည့် တိုက်ပွဲရှောင်ပြည်သူများနှင့် ပတ်သက်၍ နန်ဆန်ယန်ကျေးရွာသို့ ပြန်နိုင်ရေးအတွက် စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေး၊ နယ်မြေလုံခြုံရေးများကို ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဘေးရှောင်များ နေရပ်ပြန် လည်နေရာချထားရေးကို ၂၀၁၉ ခုနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ နေရပ်ပြန်လိုသူများကို နေရပ်ပြန်လည်ချထားရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ မြစ်ကြီးနား၊ ၀ိုင်းမော် စစ်ရှောင်စခန်းများမှ နေရပ်ပြန်လိုသူများကို တာလောကြီး နှင့် တဘတ်ယန်ကျေးရွာတွင် ပြန်လည်နေ ရာချထားနိုင်ရေး ကချင်ဒေသစစ်ဘေးရှောင်ကူညီရေးအသင်း (KHCC) နှင့်ပူးပေါင်းလုပ်ဆောင်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာနသို့ တင်ပြလမ်းညွှန်မှု ခံယူထားကြောင်း၊ မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ စီစစ်ရာတွင် ၂၀၁၉ ခုနှစ် တွင် ၁၈ ကြိမ်ဖြစ်ပွားပြီး သေဆုံး ရှစ်ဦး၊ ဒဏ်ရာရ ၂၁ ဦးရှိခဲ့ကြောင်း ဖြေကြားခဲ့သည်။
ဗိုလ်မှူးကြီးနေလင်းထွန်းက “ အဆိုပါ မိုင်းဖြစ်စဉ်များမဖြစ်စေဖို့ အစိုးရဘက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ရေးဆွဲထားပြီးတော့ လက်နက်ကိုင်အဖွဲ့များကို လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ဆောင်ရွက်နေပါတယ်။ အခုအချိန်အထိ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကို်င်အဖွဲ့ ၁၀ ဖွဲ့ရှိပါတယ်။ ကေအိုင်အေလက်နက်ကိုင်အဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက ဖိတ်ခေါ်ခဲ့သော်လည်း ယနေ့အထိ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း၊ ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ NCA စာချုပ်မှာ အခန်း ၆ ခန်း၊ စာပိုဒ် ၃၃ ခုပါရှိပြီး စာပိုဒ်ခွဲ ၁ဝမှာ IDPs များ နေရာချထားရေး၊ ထောက်ပံ့ရေးလုပ်ငန်းစဉ်တွေ ပါရှိပါတယ်။ ထို့အတွက်ကြောင့် ကေအိုင်အေလက်နက်ကိုင်အဖွဲ့ အနေဖြင့် NCA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်မှ သာ တိုက်ပွဲရှောင်ပြည်သူများ၊ ကျေးရွာ ၃၃၀ ကို ပြန်လည်နေရာချထားရေး၊ မိုင်းရှင်းရေး တို့ကို ရာနှုန်းပြည့်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် ” ဟု ပြောကြားသည်။
လတ်တလောအခြေအနေရ နေရပ်ပြန်သူများကို နေရပ်ဝန်းကျင်တွင် မိုင်းထောင်ထားသည်သိလျှင် (သို့မဟုတ်)တွေ့လျှင်၊ သံသယရှိလျှင် ဒေသခံအုပ်ချုပ်ရေးမှ မြို့နယ်အုပ်ချုပ်ရေးမှူးသို့ သတင်းပို့လျှင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု က NCA လက်မှတ်မထိုးမီ ဆောင်ရွက်နိုင်သည့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်စေလိုကြောင်း ထပ်ဆင့်မေးမြန်းရာတွင် ဗိုလ်မှူးကြီးနေလင်းထွန်းက မိုင်းထောင်ရာတွင် တပ်မတော်က မှတ်ပုံတင်မိုင်းများသာ ထောင်ခြင်းဖြစ်ကြောင်း၊ ယခုပြောနေသည့် မိုင်းများမှာ ကေအိုင်အေလှုပ်ရှား နယ်မြေအတွင်း ၎င်းတို့ထောင်ခဲ့သည့်မိုင်းများဖြစ်ပြီး ၎င်းတို့ မည်သည့်နေရာတွင် ထောင်ထားသည်ကို ညှိနှိုင်းဆောင်ရွက်ရမည့် အခြေအနေဖြစ်ကြောင်း၊ စစ်ရှောင်များအနေဖြင့် မိုင်းထောင်သည်ဟု သံသယရှိသည်ဖြစ်စေ၊ တွေ့သည်ဖြစ်စေ သတင်းရရှိပေးပို့လာပါက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပေါင်းစပ်ညှိနှိုင်းကာ ရှင်းလင်းဆောင်ရွက်နေကြောင်း ရှင်းလင်းခဲ့သည်။
ကချင်ပြည်နယ်တွင် ပစ်ခတ်မှုများပြန်လည်ပြင်းထန်ခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း မိုင်းနှင့်ပတ်ခတ်မှုကြောင့် ၂၁ ဦးသေဆုံးကာ၊ ၈၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့က မိုင်းထိခိုက်မှုများရှိနေသည့် ဒေသများကို အောက်ခြေအထိ မိုင်းအသိပညာပေးလုပ်ငန်းများကို လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာလုပ်ဆောင်နေကြောင်း၊ မိုင်းကြောင့် ကိုယ်လက်အင်္ဂါထိခိုက်သူများကို နိုင်ငံတကာကြက်ခြေနီအဖွဲ့အစည်းများကလည်း ကူညီဆောင် ရွက်မှုများရှိနေကြောင်း သိရသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသည် မြန်မာနိုင်ငံတွင် မိုင်းဒဏ်အမြင့်မားဆုံးနေရာ အဖြစ် ရှိနေဆဲဖြစ်သည်။
No comments:
Post a Comment