Saturday, February 29, 2020

ဖွဲ့စည်းပုံအခြေခံဥပဒေ-ပြင်လိုတဲ့အင်အားစုတွေနဲ့ တပ်မတော်ကြား ညှိနှိုင်းဆွေးနွေးမှု မရှိဘဲ လုံးဝပြင်နိုင်ဖွယ်မရှိ

ဖွဲ့စည်းပုံအခြေခံဥပဒေ-ပြင်လိုတဲ့အင်အားစုတွေနဲ့ တပ်မတော်ကြား ညှိနှိုင်းဆွေးနွေးမှု မရှိဘဲ လုံးဝပြင်နိုင်ဖွယ်မရှိ

မြန်မာပြည်နိုင်ငံရေးရဲ့ အဓိကဇာတ်ကောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့တာပါ။ဓာတ်ပုံ မူပိုင်KHIN MAUNG WIN
Image captionမြန်မာပြည်နိုင်ငံရေးရဲ့ အဓိကဇာတ်ကောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့တာပါ။
ပြီးခဲ့တဲ့တစ်ပတ်ကစလို့ လွှတ်တော်ထဲမှာ ငြင်းခုန်သံတွေကျယ်လောင်ခဲ့သလို ပွတ်တိုက်မှုတွေလည်း ပြင်းထန်ခဲ့ပါတယ်။
လွှတ်တော်သက်တမ်း ကိုးနှစ်ပြည့်ခါနီးမှာ အပြင်းထန်ဆုံးပွတ်တိုက်ငြင်းခုံမှုလို့တောင် ဆိုနိုင်ပါတယ်။
ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဥပဒေမူကြမ်းတွေစတင်ဆွေးနွေးခဲ့တာကြောင့် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်တုန်းကလည်း ဖွဲ့စည်းပုံပြင်ဖို့ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဒီ လောက် ပြင်းထန်တဲ့ ပွတ်တိုက်မှုမကြုံခဲ့ရသလို ဥပဒေကြမ်းပြင်ဖို့ လွှတ်တော်ကို စတင်ခဲ့သူကလည်း ပြည်ခိုင်ဖြိုးအမတ်ဖြစ်ခဲ့ပါတယ်။
အဲဒီပထမအကြိမ်လွှတ်တော်တုန်းကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမတ်တွေက အများစုနေရာယူထားခဲ့ပါတယ်။
ဒီတစ်ခေါက်ကတော့ မတူတော့ပါဘူး။ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်မှာ အများစုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဖြစ်ပြီး သူတို့ရဲ့ ရွေးကောက်ပွဲကတိကဝတ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရေးကို စတင်အကောင်အထည်ဖော်လာတာကြောင့် ဖြစ်ပါတယ်။
ပါတီရဲ့ ဥက္ကဋ္ဌ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲအတွက် ဒါကိုရည်ရွယ်လုပ်တာမဟုတ်ကြောင်း ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံခရီးစဉ်မှာ ပြောကြားထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ ဘယ်လောက်ခက်လဲ

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့အတွက်ဆို ပုဒ်မ ၄၃၆ (က) နဲ့ ပုဒ်မ ၄၃၆ (ခ) ဆိုတဲ့ အဓိကကျတဲ့ပုဒ်မ နှစ်ခုရှိပါတယ်။ ပုဒ်မ ၄၃၆ (က) ကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅ ရာခိုင် နှုန်းကျော်က ထောက်ခံရင်တောင်မှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ရပါမယ်။
အဲဒီလို ဆန္ဒခံယူပွဲ လုပ်ရင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူရဲ့ ထက်ဝက်ကျော်က ထောက်ခံမဲပေးမှသာ ပြင်ဆင်လို့ရမှာဖြစ်ပါတယ်။
ဥပမာ မဲပေးခွင့်ရှိသူက သန်း ၃၀ ရှိတယ်ဆိုပါစို့။ အဲဒီ ၃၀ သန်းမှာ ၁၅ သန်းနဲ့တစ်ယောက်က မဲလာပေးတယ်ဆိုရင် ၁၅ သန်းက ထောက်ခံမဲပေးပြီး တစ်ယောက်က ကန့်ကွက်မဲပေးရင် ဆန္ဒမဲပေးခွင့်ရှိသူ ထက်ဝက်(ကျော်)ဖြစ်တဲ့ တစ်ယောက်က ကန့်ကွက်တဲ့အတွက် ပြင်ဆင်ဖို့ မဖြစ်နိုင်ပါဘူး။
ပုဒ်မ ၄၃၆ (ခ) ကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရင် ပြင်ဆင်နိုင်တဲ့ အကျုံးဝင်ပုဒ်မများပဲဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁ကနေ ပုဒ်မ ၄၈ အထိက ပုဒ်မ ၄၃၆(က)နဲ့မှပြင်လို့ရမှာဖြစ်ပြီး ပုဒ်မ ၄၉ ကနေ ၅၆ အထိကတော့ ပုဒ်မ ၄၃၆(ခ) နဲ့မှပြင်လို့ရမှာဖြစ်ပါတယ်။

လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်ဆိုတာ ဘယ်နှယောက်လဲ

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိပါတယ်။ အဲဒီတော့ ၆၅၄ ဦးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကို တွက်ကြည့်လိုက်ရင် လွှတ်တော်အမတ် ၄၉၁ ဦးကျော် (၄၉၂) ဦးဖြစ်ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လာမယ့်သီတင်းပတ်တွေမှာလည်း လွှတ်တော်တွင်းဆွေးနွေးချက်တွေက စိတ်ဝင်စားဖွယ်ရှိနေပါတယ်။ဓာတ်ပုံ မူပိုင်HLUTTAW
Image captionဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လာမယ့်သီတင်းပတ်တွေမှာလည်း လွှတ်တော်တွင်းဆွေးနွေးချက်တွေက စိတ်ဝင်စားဖွယ်ရှိနေပါတယ်။
အဲဒီထဲမှာ ရွေးကောက်ခံလွှတ်တော်အမတ်က စုစုပေါင်း ၄၈၈ ဦးရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ရှိပါတယ်။
လက်ရှိ ရွေးကောက်ခံအမတ် ၄၈၈ ဦးထဲမှာ အန်အယ်လ်ဒီက အမတ်ဦးရေ စုစုပေါင်း ၃၉၀ ရှိပြီး အဓိက အင်အားစု အမတ်အရေအတွက်ကိုရထားပါတယ်။ ဒါကတော့ ဥပဒေကြမ်းတစ်ခုခုကို ပြင်ဆင်တာ၊ ဖြည့် စွက် တာ၊ ပယ်ဖျက်တာ၊ ပြဌာန်းတာ စတာတွေမှာ တခြားအင်အားစုတွေမပါဘဲ သဘောထားပေးလို့ရတဲ့ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ အဓိကျတဲ့ အရေအတွက်ကိုအန်အယ်လ်ဒီပါတီက ရထားပါတယ်။
ဒါပေမဲ့ ကမ္ဘာပေါ်မှာ ပြင်ရအခက်ဆုံးလို့ ပြောကြတဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ဆိုရင်တော့ အန်အယ်လ်ဒီအင်အားစုအပြင် တခြားရွေးကောက်ခံပါတီက အမတ်တွေ၊ တစ်သီးပုဂ္ဂလ တွေ အပါအဝင် လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းနေရာယူထားတဲ့ တပ်မတော်ရဲ့ ထောက်ခံမှု မဖြစ်မနေ လိုအပ်လာပါတယ်။
အန်အယ်လ်ဒီဟာ အဓိကကျတဲ့ အမတ်အင်အားစုကိုရထားပေမယ့် ဖွဲ့စည်းပုံပြင်ရေးအတွက်တော့ တခြားအစုအဖွဲ့တွေရဲ့ထောက်ခံမဲ မဖြစ်မနေလိုအပ်ပါတယ်။ဓာတ်ပုံ မူပိုင်HLUTTAW
Image captionအန်အယ်လ်ဒီဟာ အဓိကကျတဲ့ အမတ်အင်အားစုကိုရထားပေမယ့် ဖွဲ့စည်းပုံပြင်ရေးအတွက်တော့ တခြားအစုအဖွဲ့တွေရဲ့ထောက်ခံမဲ မဖြစ်မနေလိုအပ်ပါတယ်။
အထူးသဖြင့် ခုနောက်ပိုင်း အန်အယ်လ်ဒီပါတီက နုတ်ထွက်ပြီး တခြားပါတီထဲ ဝင်သွားသူတွေ၊ ပါတီက အရေးယူလို့ ပါတီကနေ နုတ်ထွက်သွားပြီး တစ်သီးပုဂ္ဂလ ရပ်တည်သူတွေနဲ့ ကွယ်လွန်ဆုံးပါးသွားပြီး လစ် လပ်နေတဲ့ မဲဆန္ဒနယ်က အမတ်တချို့ပါ ထည့်တွက်ရင် အန်အယ်လ်ဒီက အမတ် ဦးရေ ၃၉၀ ထက်နည်း ဖို့ပဲရှိနေပါတယ်။
မြန်မာပြည်မှာ ဖွဲ့စည်းပုံပြင်ဖို့ဆိုရင် ဒီဖွဲ့စည်းပုံကိုရေးခဲ့တဲ့ တပ်မတော်နဲ့ ပြင်ချင်တဲ့အင်အားစုတွေကြား နားလည်မှုရအောင်ဆွေးနွေးဖို့လိုမယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအင်စတီကျူ့(မြန်မာ)အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ဘီဘီစီကိုပြောပါတယ်။
လွှတ်တော်ထဲမှာဘယ်လိုပဲဆွေးနွေးဆွေးနွေး၊ ဘယ်လိုဆန္ဒမဲတွေပဲပေးပါစေ၊ တပ်မတော်ကမပါဘဲ ပြင်လို့ မရအောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
"အခု လွှတ်တော်မှာလုပ်နေတာက ဘာမှခရီးရောက်ဖို့မရှိဘူး။ အဓိကက တစ်ဖက်နဲ့တစ်ဖက် တပ်မတော် ဘက်ကလည်း သူတို့မှန်တယ်ဆိုတဲ့အကြောင်း၊ ပြည်ခိုင်ဖြိုးကလည်း တပ်မတော်နဲ့အ တူရပ်ပြီး ဆွေးနွေးတယ်။ အန်အယ်လ်ဒီကလည်း သူတို့ပြင်ချင်တဲ့အကြောင်း ဒီလောက်ပဲ ငြင်းတဲ့ခုန်တဲ့ အဆင့် လောက်ပဲရှိမယ်။ တစ်ဖက်နဲ့တစ်ဖက် သိက္ခာချတဲ့အဆင့်လောက်ပဲရှိမယ်။ ဒါပေမဲ့ တကယ်တမ်း အရာ ရောက်တဲ့အဆင့်တော့ ဖြစ်လာမှာမဟုတ်ဘူး" လို့ ဒေါက်တာ မင်းဇော်ဦးကပြောပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးထဲက အနည်းဆုံး လေးဦးထောက်ခံမှ ဒီဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မှာပါ။ဓာတ်ပုံ မူပိုင်HTUTTAW
Image captionတပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးထဲက အနည်းဆုံး လေးဦးထောက်ခံမှ ဒီဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မှာပါ။
ဖွဲ့စည်းပုံပြင်ဖို့ တပ်မတော်ရဲ့အခန်းကဏ္ဍက အရေးကြီးတယ်ဆိုတာကို အန်အယ်လ်ဒီမင်းတပ်အမတ် ဦးနေလင်းအောင်ကလည်း သဘောတူပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက တိုင်းပြည်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းနဲ့ ပြည်သူကို မျက်နှာမူတဲ့ ခံယူချက်စိတ်ဆန္ဒရှိမှပဲ ပြင်ဆင်နိုင် လိမ့်မယ်လို့ သူက ဘီဘီစီကိုပြောပါတယ်။
"လွှတ်တော်ထဲက အစုအဖွဲ့တွေရှိကြတယ်။ နိုင်ငံရေးရဲ့ သဘောသဘာဝအရ Power sharing (အာဏာခွဲဝေခြင်း) အရတော့ အပေးအယူ အလျှော့အတင်းလေးတွေပေါ်မူတည်ပြီးတော့ ပြင်ဆင်မှုတွေက ပိုချောမွေ့နိုင်ပါတယ်။ အပေးအယူအလျှော့အတင်းဆိုတာတော့ အဓိကက Stakeholder တွေပေါ့။ လွှတ်တော်ထဲမှာပြောတာကတော့ ဘာကြောင့်ပြင်ချင်တယ်မပြင်ချင်ဘူးဆိုတာတွေကို ပြည်သူကိုချပြတဲ့သဘောပါပဲ" လို့ ဦးနေလင်းအောင်က ပြောပါတယ်။

တပ်၊ ပြည်ခိုင်ဖြိုးနဲ့ အန်အယ်လ်ဒီက တင်တဲ့ဥပဒေကြမ်းတွေမှာ ဘာတွေကွဲလွဲနေလဲ

တပ်မတော်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တင်တဲ့ ဖွဲ့စည်းပုံပြင်ရေးဥပဒေမူကြမ်း ငါးခုလုံးကို ခြုံငုံကြည့်ရင်တော့ သမ္မတရဲ့ အခွင့်အာဏာ ကို လျှော့ချတာ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍကို ချဲ့ထွင်တာတွေအဓိက ဖြစ်ပါတယ်။
ဖွဲ့စည်းပုံပြင်ရေး အဓိကကျတဲ့ ခေါင်းဆောင်ချင်း သဘောတူညီချက်ရဖို့လိုအပ်နေဓာတ်ပုံ မူပိုင်LILLIAN SUWANRUMPHA
Image captionဖွဲ့စည်းပုံပြင်ရေး အဓိကကျတဲ့ ခေါင်းဆောင်ချင်း သဘောတူညီချက်ရဖို့လိုအပ်နေ
ဒါ့အပြင် နာမည်ကျော် ပုဒ်မ ၅၉(စ) ပါ သမ္မတအရည်အချင်းသတ်မှတ်ချက်ကို ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်း သတ်မှတ်ချက်အဖြစ်ထပ်တိုး ထည့်သွင်းတာတွေဖြစ်ပါ တယ်။
အန်အယ်လ်ဒီပါတီဦးဆောင်ပြီး ၄၅ ဦးပူးပေါင်းကော်မတီ တင်သွင်းတဲ့ ဥပဒေကြမ်းနှစ်ခုကတော့ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ကို အဓိကပြင်တာဖြစ်ပြီး သမ္မတရဲ့ အခွင့်အာဏာကို မြှင့်တင်တာ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်၊ အာဏာကို လျှော့ချတာ၊ လွှတ်တော်ထဲမှာ တပ်မ တော်သားအစုအဖွဲ့တွေကို နောင်လွှတ်တော်သက်တမ်းတွေအလိုက် အဆင့်ဆင့်လျှော့ချသွားတာ စတာတွေဖြစ်ပါတယ်။
ဒါ့အပြင် နာမည်ကျော်ပုဒ်မ ဖြစ်တဲ့ ၅၉ (စ) ကို လုံးဝပယ်ဖျက်ထားပါတယ်။ ပုဒ်မ ၅၉ (စ) ကတော့ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်မယ့်သူ ကိုယ်တိုင်၊ သူ့ရဲ့ မိဘ၊ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ အဲဒီသားသမီးရဲ့ ဇနီး၊ ခင်ပွန်းတို့ဟာ နိုင်ငံခြားသားမဖြစ်စေရ၊ နိုင်ငံခြားအစိုးရသစ္စာခံသူ မဖြစ်ရဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒီအချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲနိုင်တဲ့ ပါတီခေါင်းဆောင်ပေမယ့် သမ္မတ ဖြစ်ခွင့်မရဘဲ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေပြဌာန်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။
ဒါကြောင့် အထက်က ဥပဒေကြမ်းတွေကို နှိုင်းယှဉ်လေ့လာလိုက်တာနဲ့ အင်အားစုတွေကြား ပြင်ဆင် လိုတဲ့အချက်တွေက ပြဒါးတစ်လမ်းသံတစ်လမ်းလို ဖြစ်နေတာတွေ့ရပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၅၉ (စ)ကြောင့် အနိုင်ရပါတီခေါင်းဆောင်ဖြစ်ပေမယ့် သမ္မတဖြစ်ခွင့်မရခဲ့ပါဘူး။ဓာတ်ပုံ မူပိုင်STATE COUNSELOR
Image captionဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၅၉ (စ)ကြောင့် အနိုင်ရပါတီခေါင်းဆောင်ဖြစ်ပေမယ့် သမ္မတဖြစ်ခွင့်မရခဲ့ပါဘူး
"တစ်ဖက်ကလည်း ပြည်သူတင်မြှောက်တဲ့ သမ္မတရဲ့အခွင့်အာဏာကို မြှင့်တင်ဖို့လုပ်တယ်။ တစ်ဖက်က လည်းလျှော့ချဖို့လုပ်တယ်။ တစ်ဖက်နဲ့တစ်ဖက် သွားတဲ့ဦးတည်ချက်ချင်းက မတူဘူး။ တပ်မတော်သား လေးယောက် လိုသလို ပြည်သူတင်မြှောက်ထားတဲ့ အစုအဖွဲ့ထဲမှာကို တချို့က ကန့်ကွက်တဲ့ပုံစံတွေ တွေ့ ရတော့ ကျန်တဲ့ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေအင်အားလည်း လိုပါမယ်။ ကျွန်တော် ထင်တာကတော့ တပ်မ တော်က တစ်ယောက်ထောက်ခံရင်အကုန်လုံးထောက်ခံမှာပါ။ ဒီသဘောဆိုတော့ တပ်မတော်ဘက်က ပြောင်းလဲမှုဆိုတာက တစ်ဦးတည်းသော stakeholder ပေါ်ပဲ မူတည်နေတာ " လို့ ဦးနေလင်းအောင်က ပြောပါတယ်။

ဘယ်သူတွေက ဘယ်မူကြမ်းတွေကို ထောက်ခံဆွေးနွေးထားသလဲ

၄၅ ဦးပူးပေါင်းကော်မတီက တင်သွင်းတဲ့ဥပဒေမူကြမ်းတွေကို အလုံးစုံသဘောမတူခဲ့ဘူးလို့ အဲဒီ ကော်မတီဝင် ကချင်ပြည်သူ့ပါတီက လွှတ်တော်အမတ် ဦးလမာနော်အောင်က ဘီဘီစီကိုပြောပါတယ်။
ကော်မတီတွင်းမှာ ဆွေးနွေးချိန် ပုဒ်မ ၂၆၁ လို တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက် ခန့်အပ်ခွင့်ရှိတာနဲ့ ပြင်ဆင်ဖို့သဘောထားပေးခဲ့ ပေမယ့် မဲခွဲဆုံးဖြတ်တဲ့အခါ ရှုံးနိမ့်ခဲ့ တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ တိုင်းပြည်ရဲ့အရွေ့တစ်ခုဖြစ်တာကြောင့် ထောက်ခံခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။
တပ်ချုပ်ရဲ့လုပ်ပိုင်ခွင့်ကိုလျှော့ချတဲ့ပုဒ်မတွေကို တိုင်းရင်းသားအမတ်တချို့က ထောက်ခံဆွေးနွေးထားပါတယ်။ဓာတ်ပုံ မူပိုင်YE AUNG THU
Image captionတပ်ချုပ်ရဲ့လုပ်ပိုင်ခွင့်ကိုလျှော့ချတဲ့ပုဒ်မတွေကို တိုင်းရင်းသားအမတ်တချို့က ထောက်ခံဆွေးနွေးထားပါတယ်။
အန်အယ်လ်ဒီကတင်သွင်းထားတဲ့ထဲက တပ်ချုပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့်အခန်းကဏ္ဍကို လျှော့ချထားတဲ့ ပုဒ်မတွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) က အမတ် စိုင်းဥက္ကာက ဖေဖော်ဝါရီ ၂၈ ရက်လွှတ်တော်မှာ ထောက်ခံဆွေးနွေးခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကိုလျှော့ချထားတဲ့ ပုဒ်မ ၄၁၀၊ ၄၁၂၊ ၄၁၃၊ ၄၁၅၊ ၄၁၇၊ ၄၁၇ (ခ)၊ ၄၁၉၊ ၄၂၀၊ ၄၂၁(က)၊(ခ)၊ ၄၂၂၊ ၄၂၃၊ ၄၂၅၊ ၄၂၆၊ ၄၂၇(က)၊ ၄၃၂ တို့ကို ထောက်ခံ ဆွေးနွေးသွားတာဖြစ်ပါတယ်။
အဓိကကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းရဲ့ လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့် အာဏာ တွေဟာ အလွန်အမင်း ကြီးထွားနေတဲ့အတွက် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်တယ်လို့ စိုင်းဥက္ကာက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်ကနေ ၂၈ ရက်နေ့အထိ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ရေး ဆွေးနွေးကြ တဲ့အထဲမှာ တပ်မတော်သားအစုအဖွဲ့ကတင်ထားတဲ့ ဥပဒေကြမ်းနှစ်ခုနဲ့ ပြည်ခိုင်ဖြိုးက တင်ထားတဲ့ ဥပဒေ ကြမ်း သုံးခုတို့ကို တပ်မတော်၊ ပြည်ခိုင်ဖြိုး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ရခိုင် အမျိုး သားပါတီတို့က ထောက်ခံဆွေးနွေးထားပြီး အန်အယ်လ်ဒီရဲ့ ဥပဒေကြမ်းတွေကို ကန့်ကွက် ဆွေးနွေးထားပါတယ်။
အန်အယ်လ်ဒီက ကတင်တဲ့ပြင်ဆင်ချက်တွေကိုတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တို့က ထောက်ခံဆွေးနွေးထားပါတယ်။
ဒီမူကြမ်း ၇ ခုကို ဖေဖော်ဝါရီ ၂၅ ရက်ကနေ မတ်လ ၅ ရက်အထိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၄၉ ဦးဆွေးနွေးမှာဖြစ်ပြီး လက်ရှိအချိန်ထိ စုစုပေါင်း လွှတ်တော်အမတ် ၆၀ ကျော်ဆွေးနွေးထားပြီး ဖြစ်ပါတယ်။
တစ်နှစ်အတွင်း ဖွဲ့စည်းပုံပြင်ရေးလုပ်ငန်းစဉ်ပြီးမြောက်အောင်လုပ်မယ်လို့ နာယကကပြောကြားထားပါတယ်။ဓာတ်ပုံ မူပိုင်HLUTTAW
Image captionတစ်နှစ်အတွင်း ဖွဲ့စည်းပုံပြင်ရေးလုပ်ငန်းစဉ်ပြီးမြောက်အောင်လုပ်မယ်လို့ နာယကကပြောကြားထားပါတယ်။
အားလုံးဆွေးနွေးပြီးတဲ့အခါ ဒီမူကြမ်း ၇ ခုကို သီးခြားစီ မဲခွဲဆုံးဖြတ်မလား၊ တစ်ပိုဒ်ချင်းစီအတည်ပြုမဲခွဲ မလား ဆိုတာကတော့ ပြည်ထောင်စု လွှတ်တော်နာယကရဲ့ လုပ်ပိုင်ခွင့်နဲ့ သဘောထားပေါ် မူတည်နေပြီး တစ်ပိုဒ်ချင်းစီဆိုရ်ငတော့ ကြာနိုင်မယ်လို့ လွှတ်တော်အမတ်တချို့က ရှင်းပြထားပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို လက်ရှိလွှတ်တော်သက်တမ်းအတွင်း အပြီး ဆောင်ရွက်မယ်လို့ ပြောကြားထားပါတယ်။

No comments:

Post a Comment