Thursday, February 27, 2020

ရခိုင် ကျောက်တော်နဲ့ မြေပုံ တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ မြေပုံမြို့နယ်မှာ ဒီကနေ့မှာလည်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး ဒီတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်ခဲ့ရတဲ့ အထိပြင်းထန်တယ်လို့ AA ဘက်က ပြောပါတယ်။ ကျောက်တော်မြို့နယ် တင်းမရွာဘက်မှာ စက်လှေတစီး ဒီနေ့ညနေပိုင်းမှာ လက်နက်ကြီး ထိမှန်လို့ ခရီးသည် ၅ ဦး ဒဏ်ရာ ရရှိခဲ့သလို ၂၂ ရက်လောက် တိုက်ပွဲဆက် ဖြစ်နေတာကြောင့် ဒေသခံတွေ ကြောက်လန့် နေရတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
“ဒီနေ့ ဖေဖေါ်ဝါရီလ ၂၇ ရက်မှာတော့ ကျောက်တော်မြို့နယ် တင်းမရွာရဲ့ အရှေ့မြောက်ဘက်၁ ကီလိုမီတာခွဲလောက် အကွာမှာနေပြီးတော့ ဒီမနက် ၇ နာရီ ၂၇ မိနစ်ကစပြီးတော့မှ ရင်ဆိုင်တိုက်ပွဲ အပြင်းထန်ဖြစ်နေတာ ရှိတယ်။ မနက် ၁၁ နာရီ ၄ မိနစ်မှာ ရန်သူဘက်ကနေပြီးတော့ ရဟတ်ယာဉ် ၂ စီးနဲ့ လာပြီးတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ ထိခိုက်ကျဆုံးမှု အသေးစိတ်ကတော့ လောလောဆယ် မသိရသေးဘူး။ နောက်ပြီးလို့ရှိရင် မြေပုံမြို့နယ် စံညှင်းရွာရဲ့အရှေ့မြောက်ဘက် ၄.၄ ကီလိုမီတာလောက်ရှိတဲ့ တောင်တန်းမှာ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာပေါ့နော်။ အဲဒီနေရာတွေရော တခြားနေရာတွေပါ တိုက်ပွဲတွေ ဆက်ပြီးတော့ဖြစ်တာ ရှိတယ်။ ရန်သူဘက်ကတော့ ရဟတ်ယာဉ် ၂ စီး ဂျက်တိုက် လေယာဉ် ၂ စီးနဲ့ နေပြီးတော့မှ တနာရီခွဲလောက်ကြာအောင် လာပြီးတော့ ပစ်ခတ်တိုက်ခိုက်တာ ရှိတယ်။ အဲဒီတိုက်ပွဲမှာ တပ်မ ၆၆ ရဲ့လက်အောက်ခံ ခမရ ၁၀ ဆီကနေပြီးတော့ အလောင်းတချို့ရယ် နောက်စစ်အသုံးဆောင်လက်နက်ခဲယမ်း စာရွက်စာတမ်းတွေကို ကျနော်တို့ ဒုတိယနေ့အဖြစ်ဆက်ပြီးတော့ သိမ်းဆည်းရမိတာ ရှိတယ်။”
တိုက်ပွဲဖြစ်စဉ်အတွင်း ဒီနေ့ညနေပိုင်းမှာ ပလက်ဝကနေ ကျောက်တော်ကို သွားတဲ့ စက်လှေတစီး တင်းမနဲ့ ပြိုင်းတိုင်းရွာအကြား လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုကြောင့် ခရီးသည် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တင်းမရွာသားတဦးကပြောပါတယ်။
“ရေကြောင်းလိုင်းသွားနေတဲ့ ပလက်ဝက လှိုင်းအတက်အဆင်းလုပ်နေတဲ့ မော်တော်ဘုတ်။ ငန်းတောင်တောင်ထိပ်က နေပြီးတော့ တပ်မတော်က ပစ်ပြီးတော့ ခိုတာ။ ၅ ယောက်ထိသွားတယ်လို့ ပြောတယ်။”
ကျောက်တော်မြို့နယ် တင်းမရွာသားတွေကတော့ နှစ်ဘက်တပ်ဖွဲ့တို့ ရက်ရှည်ဖြစ်ပွါးနေတဲ့ တိုက်ပွဲကြောင့် ကြောက်လန့်နေတယ်လို့ ဆက်ပြောပါတယ်။
“အခုလည်းဖြစ်နေတုန်းပဲ။ လေယာဉ်သွားပြီးတော့ပြန်ပြီးတော့ စဖြစ်တယ်။ တင်းမဘက်မှာဖြစ်နေတာ ၂၃ ရက်ရှိပြီး ဒီနေ့ဆိုရင်။ တင်းမရွာသားတွေကတော့ ကြောက်ကြောက်လန့်လန့်နဲ့ နေရတာပေါ့။”
မနေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် နှုံးဘူးရွာ၊ ကျောက်တော်၊ မြေပုံ၊ အမ်းမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ခိုင်သုခကပြောပါတယ်။
မီးချောင်းတံတား တပ်မတော် လက်နက်ကြီးစခန်းကို AA ဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် ရဟတ်ယာဉ်တွေနဲ့ ပစ်ကူနေတယ်လို့လည်း AA ဘက်ကရော မီးဝကျေးရွာဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်တ ိုက်ပွဲဖြစ်ပွားနေမှုနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
မနေ့ကလည်း မြောက်ဦးမြို့နယ် စိမ်းသေအင်းနဲ့ ကျောက်ဆိပ်ဘုန်းကြီးကျောင်းအကြား မိုင်း တလုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

No comments:

Post a Comment