Monday, February 3, 2020

ကျောက်တော်တွင် လက်နက်ကြီးကျရောက်၍ အမျိုးသမီးတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ကျောက်တော်တွင် လက်နက်ကြီးကျရောက်၍ အမျိုးသမီးတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ
04-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပိုက်သည်ရပ်ကွက်နှင့် ပြည်တော်သာရပ်ကွက်တို့တွင် ဖေဖော်ဝါရီ ၃ရက်နေ့ နံနက် ၈ နာရီခန့်က လက်နက်ကြီးကျရောက်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ထံမှ သိရသည်။

ယင်းလက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် မအေးအေးခိုင် အသက် (၂၄) နှစ် သေဆုံးခဲ့ပြီးနောက် ဦးမောင်လှစောလှ အသက် (၆၁)နှစ် ၊ ဦးကျော်သိန်းထွန်း အသက် (၄၇)နှစ် နှင့် မောင်စောဖြူ အသက် (၁၇)နှစ်တို့ ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းစစ်ဌာနချုပ် (နပခ)တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက "AA သောင်းကျန်းသူတွေ ကလာပစ်တာပေါ့။ ခဏခဏလာပစ်တာကလည်း အကြိမ်ပေါင်းမနည်းတော့ဘူး" ဟုဆိုသည်။

ကျောက်တော်မြို့ မဟာကန်ကြီးရှင်ဘုရားအနီးတွင် တပ်မတော်ကလုံခြုံရေးလုပ်ဆောင်နေစဉ် ဘုရားအနောက်ဘက်ခြမ်းဘက်မှ AA လက်နက်ကိုင်အဖွဲ့က သုံးနေရာခွဲ၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"ပြန်မပစ်ရင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မှန်မှာ။ဒေသခံတွေ ထိခိုက်မှာစိုးလို့ ကျွန်တော်တို့ အတတ်နိုင်ဆုံးရှောင်တယ်။ အဲ့ဒီလိုမပစ်တော့ ပိုပြီးအတင့်ရဲရဲလာတယ်" ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက မြေပြင်အခြေအနေကို ပြောပြသည်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က နယ်မြေအခြေအနေအရ တပ်မတော်က ခြေကုပ်စခန်းများရှိနေပြီး လက်နက်ကြီး မည်သည့်ဘက်မှလာ၍ မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်သည်ကို ပြောဆိုနိုင်ရန် ခက်ခဲကြောင်း မှတ်ချက်ပေးသည်။

"ဘာပဲဖြစ်ဖြစ် အပြစ်မရှိတဲ့ အရပ်သားပြည်သူတွေ မထိခိုက်ဖို့တော့ တောင်းဆိုချင်ပါတယ်" ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား သေဆုံးသူ ၈၀ဦးကျော် နှင့် ထိခိုက်ဒဏ်ရာရသူ ၁၂၀ ဦးကျော်ရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုအစည်းအရုံးက ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားသည်။

နှင်းနုဝင်း
http://thevoicemyanmar.com/news/39410-kat

No comments:

Post a Comment