နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် တည်ဆောက်နေသည့် အစိုးရစာသင်ကျောင်းများနှင့် ကျေးလက်ကျန်းမာရေးဆေးခန်းများ အချိန်မီမတည်ဆောက်နိုင်သောကြောင့် ဘတ်ဂျက်များကို နိုင်ငံတော်သို့ ပြန်အပ်ခဲ့ရ

လဟယ်မြို့နယ်အတွင်းရှိ ကလေးငယ်များ စာသင်ကြားနေသည့် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် တည်ဆောက်နေသည့် အစိုးရစာသင်ကျောင်းများနှင့် ကျေးလက်ကျန်းမာရေးဆေးခန်းများ အချိန်မီမတည်ဆောက်နိုင်ခဲ့သောကြောင့် ဘတ်ချက်များကို နိုင်ငံတော်ကိုပြန် အပ်ခဲ့ရကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
ဖေဖော်ဝါရီ၂၈ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့တွင် လဟယ်မြို့နယ်တွင် အစိုးရစာသင်ကျောင်း ၁၃ ကျောင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် ကျန်းမာရေးအဆောက်အအုံများ လျာထားဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/ မရှိ သိလိုကြောင်း မေးမြန်းခဲ့သည်။
“ လဟယ်မြို့နယ်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ အခြေခံပညာ စာသင်ကျောင်းပေါင်း ၁၃ ကျောင်းရှိပါတယ်။ အဲဒီစာသင်ကျောင်းတွေဟာ သတ်မှတ်ကာလ မပြီးစီးခဲ့တဲ့အတွက် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း အရ ခွင့်ပြုရန်ပုံငွေတွေကို နိုင်ငံတော်ကို ပြန်အပ်ခဲ့ရပါတယ်။ နောက်တစ်ခါ လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းနဲ့ ဆောင်ရွက်ခဲ့တဲ့ ကျေးလက်ကျန်းမာရေး ဆေးခန်းတွေရှိပါတယ်။ ဒီဆေးပေးခန်းတွေဟာလည်း သတ်မှတ်ကာလ မပြီးစီးခဲ့တဲ့အတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းအရ ခွင့်ပြုရန်ပုံငွေတွေကို နိုင်ငံတော်ကိုပြန်အပ်ခဲ့ရပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်သို့ ပြန်လည်အပ်ခဲ့ရသည့် ရန်ပုံငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ဖြည့်စွက်ရန်ပုံငွေဖြင့် ပြန်လည်ခွင့်ပြုဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနအနေဖြင့် ကြိုးစားနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ဆက်လက် ပြောကြားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးတွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောက်ရွက်ခဲ့သည့် အစိုးရစာသင်ကျောင်းပေါင်း ၅၈၉ ကျောင်းရှိပြီး ယင်းအနက် စာသင်ကျောင်းပေါင်း ၂၀၀ ကျော်သာ တည်ဆောက်နိုင်ခဲ့ကြောင်း စာသင်ကျောင်း ၃၀၀ ကျော်မှာ တည်ဆောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
No comments:
Post a Comment