Friday, February 28, 2020

မင်းပြားမြို့ပစ်ခတ်မှု အရပ်သား တစ်ဦးသေ၊ ငါးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်ကို ဒီနေ့မနက် ၂ နာရီကျော်လောက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခံရလို့ အရပ်သားတစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ်။
မင်းပြားမြို့ရဲ့မြောက်ဘက် ကြပ်စင်တံတားအနီးမှာ တပ်မတော်ရေယာဉ်တွေကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ် မင်းဘာကြီးရပ်ကွက်ကို လက်နက်ကြီး လက်နက်ငယ်တွေ ကျရောက်လာလို့ ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ရင်ဘတ်မှာ ကျည်ထိမှန်သေဆုံးသွားခဲ့ရတဲ့ အမျိုးသမီးဟာ ၄၅ နှစ်အရွယ် ဒေါ်သန်းနုယေဖြစ်ပါတယ်။
ပစ်ခတ်သံတွေ ထွက်ပေါ်လာချိန်မှာ သေဆုံးဒဏ်ရာရကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။
“အစိုးရတပ်က နေဗီကနေပြီး လက်နက်ကြီးတွေနဲ့ပစ်တော့ သူကကြောက်ပြီးတော့ အောက်ကိုဆင်းပြေးတာပါ။ အဲဒီအချိန် သူ့ဆီမှာ ကျည်ထိမှန်သွားတာ။ ဒဏ်ရာရတဲ့ ငါးယောက်ကကျတော့ တစ်ယောက်က စစ်တွေကို ဒီနေ့ ၁၁ နာရီ ရွှေပြည်တန်ရေယာဉ်နဲ့ သယ်ယူသွားတယ်။ မင်းပြားဆေးရုံမှာ ကုသမှုခံယူနေရတဲ့ လူနာက လေးယောက်ပါ။ သူတို့ကလည်း အောက်ကိုဆင်းပြေးတဲ့အချိန်မှာ ဒဏ်ရာရကြတာ။ အိမ်ပေါ်မှာဆိုစိုးရိမ်လို့ အောက်ကိုဆင်းပြေးရာမှာ ဒဏ်ရာရကြတာ”
ဒဏ်ရာရသူ ငါးဦးထဲက စစ်တွေဆေးရုံကို ပို့ဆောင်လိုက်ရတဲ့လူနာက အမျိုးသမီးဖြစ်ပြီး ကျန် လေးဦးကတော့ အမျိုးသားတွေပါ။
တိုက်ပွဲဖြစ်တဲ့နေရာဟာ အရပ်သားတွေထိခိုက်သေဆုံးတဲ့ မင်းဘာကြီးရပ်ကွက်နဲ့ တစ်မိုင်ကျော်လောက် ဝေးပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခက ကြပ်စင်တံတားအနီးမှာ တပ်မတော်ရေယာဉ် သုံးစီးကို သူတို့ ဟန့်တားတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

“ဒီမနက် ၂ နာရီလောက်မှာ မင်းပြားမြို့အနီး ကြပ်စင်တံတားနားမှာ ရေကြောင်းကနေပြီးတော့ ချီတက်လာတဲ့ မြန်မာ့တပ်မတော်ရဲ့ လူလက်နက်အပြည့်ပါတဲ့ စစ်သင်္ဘောသုံးစီးကို ကျွန်တော်တို့ ရက္ခိုင့်တပ်တော် ကနေပြီးတော့ ၁၀ မိနစ်လောက် ဖြတ်တောက် တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာ စစ်သင်္ဘောသုံးစီးထဲက တစ်စီးကတော့ အထိအခိုက် အကျအဆုံးတွေ များသွားတာပေါ့နော်။ ကျွန်တော်တို့ အဲဒီတစ်စီးကိုတော့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တာရှိတယ်။ ရန်သူ့ဘက်က ထိခိုက်ကျဆုံးမှုများတဲ့အတွက်မို့လို့ မြန်မာစစ်တပ်ဟာ သူတို့လုပ်နေကျအတိုင်းပေါ့လေ အရပ်သားပြည်သူတွေနေတဲ့နေရာတွေကို ရမ်းသမ်းပစ်ခတ်ခဲ့တာတွေရှိတယ်”


အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက အေအေ အဖွဲ့ရဲ့ စွပ်စွဲချက်တွေကို ပျယ်ချလိုက်ပါတယ်။
“အေအေကပစ်တယ်ဆိုတာမှန်တယ်။ ဒါပေမဲ့ ဘာမှဖြစ်မသွားဘူး။ ကျွန်တော်တို့ကတော့ ပြန်မပစ်ဘူး။ ဝေးလွန်းလို့ပြန်မပစ်ဘူး။ ဒေသခံတွေထိတယ်ဘာညာကတော့ ကျွန်တော်ကတော့ မကြားမိဘူးဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဒေသခံတွေကို ပစ်တာခတ်တာမှမရှိတာ။ ကျွန်တော်တို့က သောင်းကျန်းသူတွေကိုသာ ပစ်တာလေ။ ဒေသခံကို ပစ်တာမှမဟုတ်တာ”
တပ်မတော်ဘက်က တစ်စုံတစ်ရာ ထိခိုက်တာမရှိသလို အရပ်သားတွေ သေကြေဒဏ်ရာရတာကိုလည်း သူ့အနေနဲ့ မသိဘူးလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။
မင်းပြားမြို့အရှေ့ဘက် မြစ်တစ်ဘက်ကမ်း ငစင်ရိုင်းချောင်းရွာနားက တောင်တန်းမှာလည်း မနေ့က ညနေ ၇ နာရီလောက်ကနေ မနက်မိုးလင်းတဲ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့နယ် လေးခုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်ကနေ ဒီနေ့ ၂၈ ရက်နေ့အထိ အချိန် သုံးရက်တာကာလအတွင်းမှာ အရပ်သား သေဆုံးသူ သုံးဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ကိုးဦးအထိရှိနေပါတယ်။

No comments:

Post a Comment