ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်းမှာ တပ်မတော် ရေယာဉ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဒီကနေ့ မနက်ပိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတာ နှစ်ဘက်လုံးက အတည်ပြု ပြောဆိုပါတယ်။ ဒီတိုက်ပွဲကြောင့် မင်းပြားမြို့ခံ အမျိုးသားတဦး သေဆုံးပြီး ကလေးငယ် နှစ်ဦးအပါအဝင် နောက်ထပ် အရပ်သား ငါးဦးလည်း ဒဏ်ရာရသွားပါတယ်။ ဘူးသီးတောင်နဲ့ ကျောက်တော်ဘက်မှာလည်း တိုက်ပွဲဖြစ်တာတွေ ရှိခဲ့ပြီး ဒေသခံတွေ တိမ်းရှောင်နေရသလို တပ်မတော်က ဖမ်းဆီးတာတွေ လည်းရှိပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။
“ဒီနေ့ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ မနက် ၂ နာရီလောက်မှာ စစ်သားတွေ လက်နက်ခဲယမ်းတွေ အပြည့်သယ်ဆောင်ပြီးတော့ စစ်ကူလာပို့တဲ့ မြန်မာရေတပ်ဇက်သင်္ဘော ၃ စီးကို မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးမှာ ကျနော်တို့ ရခိုင် တပ်တော်ဘက်ကနေ ဟန့်တား ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီအချိန်တို တိုက်ခိုက်မှုအတွင်းမှာ မြန်မာစစ်တပ်ဘက်က အထိခိုက်အကျဆုံးတွေတော့ များတယ်ဗျ။”
ဒီလိုပစ်ခတ်မှုဖြစ်စဉ်အတွင်း မင်းပြားမြို့ အစွန်ဘက်က မင်းဘာကြီးရပ်ကွက်မှာ လက်နက်ကျရောက်ခဲ့လို့ မြို့ခံအမျိုးသမီး တဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့မြို့ခံ ကိုစံရွှေက ပြောပါတယ်။
“ညနှစ်နာရီကျော်ကျော်လောက် တိုက်ပွဲဖြစ်တော့ အဲဒီကနေပြီးတော့ ဆုတ်လာတဲ့ တပ်ကနေပြီးတော့ မြို့ထဲမှာ အဲဒီမင်းဘာကြီးရပ်ကွက်မှာ နေပြီးတော့ ပစ်ခတ်မှုတွေ ဖြစ်တယ်။ ပစ်တော့ အမျိုးသမီး တယောက် သေသွားတယ်တယ်။ နောက် လူ ၅ ယောက်လောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ ဆေးရုံမှာလို့ ပြောတယ်။ မြို့သူ၊ မြို့သားတွေအခြေအနေကတော့ အခုအချိန်ကတော့ တော်တော်လေး ကြောက်လန့်နေကြတယ်ပေါ့။ ကြပ်စင်တံတားပိုင်း မြေပုံဘက်ထွက်ပေါက် နောက်ပြီး ပေါက်တောဘက် ထွက်ပေါက်တွေမှာကတော့ အခုလုံခြုံရေးချပြီးတော့ တပ်က စစ်ဆေးမှုတွေ လုပ်နေတယ်။”
ဒဏ်ရာရသူ ၅ ဦးထဲမှာ ၁၁ နှစ်နဲ့ ၁၄ နှစ်အရွယ် ကလေးနှစ်ဦးပါပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးကို စစ်တွေဆေးရုံကိုပို့ဆောင်ရမယ့် အခြေအနေရှိနေသလို ကျန် ၄ ဦးကတော့ မင်းပြားဆေးရုံမှာ ဆေးကုသ ခံယူနေရပါတယ်။
မင်းပြားမြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလိုပြောပါတယ်။
“မင်းပြားမှာ ညတုန်းက ကမ်းထိုးယာဉ်ကိုပစ်တာ ဒါပဲရှိတယ်။ ကျန်တာဖြစ်တာ ဘာမှမရှိဘူး။ ကျနော်တို့ ညတုန်းက ကမ်းထိုးယာဉ်နဲ့အုပ်ချုပ်မှုကိစ္စလုပ်တဲ့အချိန် ဒါကိုအဝေးက လှမ်းပစ်တာ ဘာမှထိခိုက်ဒဏ်ရာ မရှိတဲ့အတွက်ကြောင့်မို့ ဘာမှတော့ ပြန်မပစ်ဘူး။ ဒီအတိုင်းပဲ နေနေတယ်။”
ပစ်ခတ်မှုအတွင်း မင်းပြားမြို့ခံတွေ သေဆုံး ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသိရှိကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း မင်းပြားမြို့ ရာမောင်တံတားအနီးမှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တွေ ရန်ကုန်ကားလမ်း ပိတ်ဆို့သွားပြီး ကားအသွားအလာ ယာယီရပ်ဆိုင်းခဲ့ပါတယ်။
ဒီနေ့မနက်မှာလည်း ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ရွာသားတွေတိမ်းရှောင်ထွက် ပြေးနေရတယ်ဆိုပြီး ကျောက်ရန်ရွာသား တဦးက ပြောပါတယ်။
“မေယုမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်တယ်။ ရေစိုးချောင်းဗျူဟာကနေ ကျောက်ရန်ဆိုတဲ့ ရွာကိုဆင်းတဲ့အချိန်မှာ တိုက်ပွဲဖြစ်တယ် မနက်က။ အဲဒီအနားမှာတော့ ထိတွေ့တိုက်ပွဲ တနာရီခွဲလောက်ကြာတယ်။ တိုက်ပွဲပြင်းနေတယ် ပြောရမှာပေါ့။ ရသေ့တောင်မြို့ပေါ်ကနေတပ်တွေကလည်း လက်နက်ကြီးတွေနဲ့ပစ်တာ။ ၁၁ နာရီလောက်မှရပ်သွားတာ။ ရွာကလူတွေကတော့ တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးကြတယ်။”
မနေ့ကလည်း ကျောက်တော်မြို့နယ် တင်းမရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ပွဲအတွင်း ကုလားတန်မြစ်ပေါ် ပြေးဆွဲနေတဲ့ စက်လှေ တစီး လက်နက်ကျည်ထိမှန်ခဲ့ပြီး ခရီးသည် အမျိုးသား သုံးဦးနဲ့အမျိုး သမီး တဦး အပေါင်း၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့ကိုလက်ရှိတွင် ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားရပါတယ်။
ဒါ့အပြင်ကျောက်တော် ပလက်ဝရေကြောင်းသွား စက်လှေ၅ စီးကို ကျောက်တော်မြို့အနီး တပ်မတော်က တားဆီးပြီး စစ်ဆေးခဲ့ရာမှာ ပလက်ဝမြို့နယ်က ရခိုင်လူငယ်ညီလာခံ AYCကိုယ်စားလှယ် ကိုကျော်လှနဲ့ ဘူးသီးတောင်မြို့နယ်က အမျိုးသားတစ်ဦးကို တပ်မတော်က ဖမ်းဆီးသွားတယ်လို့ ရခိုင်လူငယ်ညီလာခံ AYC တာဝန်ရှိသူ တဦးဖြစ်တဲ့ ကိုဝင်းဇော်က ပြောပါတယ်။
“မနေ့က ကိုကျော်လှတို့က ကျောက်တော်ကို သူတို့သွားတယ်ပေါ့နော်။ အဲဒီအချိန်မှာ တင်းမရွာထဲမှာ ပစ်ခတ် မှုဖြစ်ပြီးတော့ အဲဒီစက်လှေကို ရပ်ခိုင်းတယ်။ ရပ်ထိုင်းပြီးတော့သူတို့ဟာ တချို့အမျိုးသမီးတွေကျ ကျန်တဲ့ခရီးသည်တွေကျ လွှတ်လိုက်တယ်။ ကိုကျော်လှရယ် နောက် ဘူးသီးတောင်က လူငယ် တယောက်ကိုတော့ ဖမ်းဆီးသွားတယ်ပေါ့နော်။ သူတို့ ကျောက်တော်တပ်ဘက်ကို ဖမ်းဆီးသွားတယ်။ အဲဒီလိုသတင်းရတယ်ခင်ဗျ။”
ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ပြေးဆွဲနေတဲ့ စက်လှေ တစီးကို တင်းမကျေးရွာအနီး စခန်းချထားတဲ့ မြန်မာစစ်တပ်က တားဆီးပြီး စက်လှေပေါ် ပါလာတဲ့ လူ ၆ ဦးကို ဖမ်းဆီးထားပြီး ယနေ့တိုင်လွတ်မြောက်တာ မရှိသေးဘူးလို့ မိသားစုဝင်တဦးကပြောပါတယ်။
ကျောက်တော်မြို့နယ် တင်းမကျေးရွာမှာ ခရီးသည်တွေကို မြန်မာစစ်တပ်ကနေ စစ်ဆေးပြီး မသင်္ကာသူတွေကိုဖမ်းဆီး ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မသိရှိသေးကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ တနှစ် ကျော်ကြာမြင့်လာသလို တိုက်ပွဲရဲ့နောက်ဆက်တွဲအဖြစ် ထိခိုက်ဒဏ်ရာရသူအရပ်သား ၂၃၀ ကျော် သေဆုံးသူ၁၂၀ ကျော်နဲ့ သံသယနဲ့ အဖမ်းဆီးခံရသူ ၃၀၀ ကျော် ရှိမယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေက ဒီနှစ်ဆန်းမှာ စရင်းကောက်ယူထားပါတယ်။
No comments:
Post a Comment