Monday, February 3, 2020

ရခိုင် ကျောက်တော်ပေါက်ကွဲမှု အရပ်သားတဦး သေဆုံး

ရခိုင်ပြည်နယ် ကျောက်တော်မှာ ဒီကနေ့ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် အရပ်သား သေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့သလို မြောက်ဦးနဲ့ ရသေ့တောင် မြို့နယ်တွေမှာလည်း မြေမြုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် သေဆုံးဒဏ်ရာ ရတာ တွေရှိနေခဲ့ပါတယ်။ ဒါ့အပြင် ဒေသအတွင်း တချို့နေရာ တွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ပါ။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အဝင်လမ်း မဟာကံကြီးရှင်ဘုရားအနီးမှာ ဒီနေ့မနက်ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်တော်မြို့ခံ ကိုကျော်လှမြင့်က ပြောပါတယ်။
“ပစ်ခတ်မှုတွေတော့ဖြစ်ပါတယ်။ အမျိုးသမီးတဦး သေဆုံးပြီးတော့ အမျိုးသား(၃)ဦးဒဏ်ရာ ရပါတယ်ခင်ဗျ။ အဲဒီဒဏ်ရာ ရတဲ့ အမျိုးသား(၁)ဦးထဲမှာ စစ်တွေကို အရေးပေါ်လူနာ အဖြစ်နဲ့ တဦးသွား နေရပါတယ်ခင်ဗျ။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ အဲဒီထိခိုက်ဒဏ်ရာရတဲ့သူတွေ မိသားစုတွေပြောတာကတော့ အဲဒီ ကံကြီးရှင်ဘုရားဘက်က လှမ်းပစ် တာ။ ကံကြီးရှင်ဘုရားဝင်းမှာ တပ်မတော်သားတွေအဲဒီမှာ စခန်းချနေတာမို့လို့။ အဲဒီနားကနေပြီးတော့ပစ်တယ်လို့ တော့ ပြောတယ်။ တိုက်ပွဲဖြစ်တာလို့သူတို့မပြောဘူး။”
သေဆုံးသူမှာ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်က ကလေးနှစ်ဦးမိခင် အသက်(၂၄) နှစ်အရွယ် မအေးအေးခိုင် ဖြစ်ပြီးတော့ ဒဏ်ရာရရှိသူတွေဟာ ပြည်တော်သာရပ်ကွက်နေ ဦးစောမောင်လှ ဦးကျော်သိန်းထွန်းနဲ့ ပိုက်သည်ရပ် ကွက် ကစ္ဆပစုနေု စည်ပင်အလုပ်သမား မောင်စောဖြူတို့ဖြစ်ကြပါတယ်။
ကျောက်တော်မြို့အတွင်း အမှိုက်သိမ်းဖို့လာတဲ့ စည်ပင်ကားတစီးလည်း ပစ်ခတ်မှုအတွင်း ထိမှန်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်ခတ်တာလို့ စည်ပင်ဝန်ထမ်းတဦးကဆိုပါတယ်။
“ရုံးကနေပြီးတော့ မြို့ထဲအသွားပေါ့။ အဲဒီအချိန်မှာ ဗမာစစ်တပ်တွေကဘာမှန်းမသိဘူး ကားကို ပစ်ခဲ့တာပေါ့။ ကားကတော့ညာဘက်ဘော်ဒီကို ဘယ်ဘက်ပေါက်ရယ် ထိသွားတယ်။ ဟုတ်ကဲ့တာဝန်နဲ့သွားတာပါ။ မြို့ထဲက အမှိုက်တွေသိမ်းဆည်းဖို့သွားတာပါ။ သူတို့က သက်သက် အစိုးရကားတွေတောင် မရှောင်ဘူးဆိုတာတော့ သူတို့ကလွန်တာပေါ့။”
ဒီမနက်မှာ ကျောက်တော်မြို့အတွင်း AAအဖွဲ့နဲ့မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ် တာမရှိဘူးလို့AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“ဒီနေ့ ကျောက်တော်ညက်မှာ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာမရှိဘူးဗျ။”
မနေ့ကလဲ ရသေ့တောင်မြို့နယ် ငစံဘော်ကျေးရွာက လူကြီးတစ်ဦး ကျွဲရှာဖို့ သွားစဉ် မိုင်းထိပြီး သေဆုံးသွားတယ် လို့ ငစံဘော်ရွာသားတဦးကပြောပါတယ်။
“ဦးသိန်းစိုးအောင်(၆၀)နှစ်အရွယ် လောက်ခင်ဗျ။ မြေမြုပ်မိုင်းနင်းမိပြီးတော့သေလို့လေအခု။ ကျွဲတွေကိုပြန်ပြီးအယူက ကျွဲအသိမ်းမှာက မြေမြုပ်မိုင်း နော် မြန်မာ့တပ်မတော်ကထောင်ထားတာ။ နင်းနင်းမိခြင်း အဲဒီမှာခြေနှစ်ချောင်းပြတ်သွားတာ။ အဲဒီဒဏ်ရာနဲ့ မြို့ပေါ်ဆေးရုံကိုမရောက်လိုက်ဘူး ဆုံးတာ။ ”
အလားတူ ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ချောင်းသစ်ကျေးရွာမှာ မနေ့ကတိုက်ပွဲ လက်ကျန်ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး အသက် ၁၅ နှစ်အရွယ် လူငယ် တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ မြောက်ဦး မြို့နယ်ဒေသခံကိုကျော်လှစိန်ကပြောပါတယ်။
“ချောင်းသစ်ကျေးရွာမှာ လက်နက်ကြီးကျတဲ့တလုံးကို ဟို(၃၇၇)ကပစ်လိုက်တဲ့လက်နက်ကြီးလေ။ ဘယ်လိုအချိန် လောက်က ပစ်တာလားတော့မသိဘူးဗျ။ အဲဒီဟာကို ကလေးတယောက်ကကောက်ရတယ်လို့ပြောတယ်။ အဲတာ ကိုစပါးထမ်းလာတဲ့ယောကျာ်းကြီးတယောက်က ကလေးသေမှာစိုးလို့သူက အဲဒီကလေးဆီက ယူပြီးတော့ ပုခုံးထက် မှာ စပါးတထုတ်ထမ်းပြီးတော့ အဲဒီမပေါက်တဲ့လက်နက်ကို သူကပွေ့ချီပြီးယူလာတယ်ခင်ဗျ။ ရွာနဲ့မလှမ်းမကမ်းတဲ့ နေရာတခုမှာ အမျိုးသမီးတယောက်နဲ့တွေ့တယ်။ အဲဒီအမျိုးသမီးကို စပါးတင်းကိုချခိုင်းတယ်လေ။ ချခိုင်းတော့ အဲဒီ လက်နက်ကသူ့လက်ကနေပြီးကြွေကျတဲ့အခါ ပေါက်ကွဲပြီးတော့ သူကပွဲချင်းပြီးသွားတယ်ခင်ဗျ။ အမျိုးသမီးက တော့ ဒဏ်ရာပြင်းထန်စွာနဲ့ ဆေးရုံမှာရှိနေပါတယ်ခင်ဗျ။”
သေဆုံးသူ အမျိုးသားကိုတော့ ဒီကနေ့မှာသဂြိ င်္ုလ်ခဲ့ပြီး ဒဏ်ရာရ အမျိုးသမီးကတော့ မြောက်ဦးဆေးရုံမှာ ဆေးဝါးကု သခံနေရပါတယ်။
ကျောက်တော်မြို့အတွင်း ပစ်ခတ်မှုနဲ့ ရသေ့တောင် မြောက်ဦးပေါက်ကွဲမှုဖြစ်စဉ်ကို တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့ကိုဆက်သွယ်မေးမြန်းရာမှာ ဒီဖြစ်စဉ်တွေကို မသိရသေးဘူးလို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းကပြောပါတယ်။
ဖေဖေါ်ဝါရီ(၁)ရက်နေ့နဲ့(၂)ရက်နေ့တွေမှာ မြန်မာ့စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်( AA ) အဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
“(၁)ရက်ကတော့ ရေစိုးချောင်းဘက်မှာ ဖြစ်ခဲ့တာရှိပါတယ်။ အဲဒီမှာတော့ကျွန်တော်တို့ ရန်သူ့ဘက်ကနေပြီးတော့ ခဲယမ်း တချို့ရလိုက်တာရှိပါတယ်။ ဖေဖေါ်ဝါရီလ(၂)ရက်နေ့မှာတော့ ရေစိုးချောင်းဖက်မှာဘဲဖြစ်တယ်။ အဲဒီမှာတော့ ရန်သူ ဆီ ကကျွန်တော်တို့အလောင်း ၊ လက်နက်ရလိုက်တာရှိပါတယ်။ ကျွန်တော်တို့ဆီက ဒဏ်ရာရရှိသူ(၂)ယောက် လောက်တော့ ရှိပါတယ်။”
AAပြောခွင့်ရ ခိုင်သုခကတော့ ရသေ့တောင်မြို့နယ်အတွင်းတိုက်ပွဲမှာ နှစ်ဖက် ထိခိုက်မှုရှိတယ်လို့ပြောပါတယ်။
“ဖေဖေါ်ဝါရီလ(၁)ရက်နေ့ကလဲ မနက်(၁၁)နာရီလောက်မှာ ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာရဲ့ အနောက် ဖက် မီတာ(၁၀၀)လောက်မှာ အဲဒီအမျက်တောင်ကျေးရွာထဲမှာစခန်းချနေတဲ့ အင်အား(၁၅၀)လောက်ရှိတဲ့ မြန်မာစစ် တပ်နဲ့တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ အဲဒီတိုက်ပွဲအတွင်းမှာမြန်မာစစ်တပ်ဘက်က (၁၀)ဦးအထက်ကျဆုံးပြီးတော့ ဒဏ်ရာ ရတဲ့သူလဲရှိတယ်။ ကျွန်တော်တို့ဘက်ကလဲ စစ်သည်တော်တဦး ကျဆုံးခဲ့တာရှိတယ်။”
ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ အကြားတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
၂၀၁၉ခုနှစ်ကနေ (၂၀၂၀)နှစ်ဆန်းပိုင်းအထိ မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့တိုက်ပွဲစဉ်အတွင်း အရပ်သားတွေ သေဆုံး တာ မိုင်းနင်းမိသေဆုံးတာ (၁၂၀)ကျော်ရှိနေပြီး (၂၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူဦးရေ(၁၀၆၀၀၀)ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။

No comments:

Post a Comment