မင်းပြားမြို့ပေါ်တွင် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၂ ဦး အပါအဝင် ၃ ဦးဒဏ်ရာရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ယနေ့ နံနက်ပိုင်း ၂ နာရီ ၄၅ မိနစ်က လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေး ၂ ဦး အပါအဝင် ၃ ဦး ဒဏ်ရာရှိကြောင်း မင်းပြားမြို့နယ် အခြေစိုက် ကျိန်းရိပ်ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသန်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
" ဒီနေ့ နံနက် ၂ နာရီ ၄၅ မိနစ်လောက်မှာ တိုက်ပွဲဖြစ်တယ်။ မင်းပြားမြို့ အစွန်ဘက်က မင်းဘာကြီးရပ်ကွက်မှာ တိုက်ပွဲဖြစ်တော့ လက်နက်ကြီးကျည်ကျတယ်။ အဲဒါ အိမ်မှာနေတဲ့ အမျိုးသမီး ၁ ဦး ပွဲချင်းပြီးဆုံးတယ်။ နောက် အမျိုးသမီး ၁ ဦး၊ ကလေး ၂ ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေက အခု မင်းပြားဆေးရုံမှာပါ။ ဒဏ်ရာတွေက မစိုးရိမ်ရဘူးပြောပါတယ်" ဟု ဦးသန်းထွန်းက ပြောဆိုသည်။
မင်းပြားမြို့နယ်တွင် AA နှင့် တပ်မတော်တို့ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး ယခုနောက်ဆုံးမြို့ပေါ်အထိပါ တိုက်ပွဲများ ကျယ်ပြန့်လာခြင်းဖြစ်ကြောင်း၊ မြို့ခံများအားလုံး ကြောက်ရွံ့နေရကြောင်း မင်းပြားမြို့ပေါ်မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"အခုက ဘယ်သူမှ မလုံခြုံဘူး။ အိပ်နေရင်း၊ စားနေရင်း၊ ထိုင်နေရင်းကိုယ့် အပေါ် ဘယ်တော့ ကျည်တွေ လာကျပြီး သေမလဲပဲ စိတ်ပူနေရတယ်။ လက်နက်ပစ်ခတ်သံတွေဆိုတာလည်း တဒိုင်းဒိုင်းပဲ။ နေရ ထိုင်ရ တာလည်း လုံးဝ မလုံခြုံဘူး။ ကျမတို့လည်း အရမ်းကြောက်တယ်။ ပြေးစရာလည်း မြေမရှိဘူး။ အလုပ်တွေလည်း အဆင်မပြေဘူး။ တစ်နေ့ တစ်နေ့ ဘယ်လိုသေမလဲဆိုတာပဲ တွေးပြီး ကြောက်နေတယ်" ဟု မင်းပြားမြို့ပေါ်တွင် ဆေးဆိုင်ဖွင့်လှစ်ထားသူ အမျိုးသမီးဆိုင်ရှင်က ပြောဆိုသည်။
https://www.facebook.com/khitthitnews/photos/a.386800725090613/861538894283458/?type=3&__xts__%5B0%5D=68.ARAsPjwRRqxsPG2me_J1DHZgEvOKBSQdpmUh6xamAz1HFHmzqh_of2sOHuuxtsUNMrDj_sTz9D42iIon7bQC3DaVlAyGV2yTqe3IFPbmn3v5hpQFCankcpLXijJXdptWydJXrGQKXH-ovEHL0fFKC1TSC0glIrAKoChc8Fx51BciIQlXRyclNRVhl3dXAljXLrLA9-gbYQRviBDWDc5s3sZNqkBCXBYrJDpDYd57RsU24Y2DgpyIIg7oz76RCHUzo8COn_jnEXaQLDBiU8fQy3LJ6OyU2TTVS62nhGL_50vm8V3iXaQdVVQsuh3Y2s7S5HImBzA-yavY2urPdfIU-CI&__tn__=-R
No comments:
Post a Comment