ဘူးသီးတောင်တွင် မွတ်စလင်အမျိုးသမီးကို မုဒိန်းကျင့်ဟု တပ်မတော် သတင်းထုတ်ပြန်မှု AA ငြင်းဆို၊ ရခိုင်နှင့်မွတ်စလင် ပြဿနာတက်စေရန် ဖန်တီးနေဟု တုံ့ပြန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၃
ဘူးသီးတောင်မြို့နယ်တွင် မွတ်စလင်အမျိုးသမီးတချို့ကို ရခိုင်တပ်မတော် AA က မုဒိမ်းကျင့်ဟု တပ်မတော်ဘက်က သတင်းထုတ်ပြန်မှုကို ရခိုင်တပ်မတော် AA က ငြင်းဆိုလိုက်ပြီး ရခိုင်နှင့်မွတ်စလင်များအကြား ပြဿနာဖြစ်ပွားစေရန် တပ်မတော်က လုပ်ဆောင်နေကြောင်း AA တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုလိုက်သည်။
တပ်မတော်က ယနေ့ သတင်းထုတ်ပြန်ရာတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်သိန်းတန်အုပ်စု၊ သိန်းတန်ကျေးရွာတွင် ဇန်နဝါရီ ၃၁ ရက်နေ့က AA အဖွဲ့ဝင် ၄ ဦးက ကျေးရွာမှ အမျိုးသမီးများကို မုဒိမ်းကျင့်ရိုက်နှက်ကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ဘုရားပြင်သိန်းတန်အုပ်စု၊ သိန်းတန်ကျေးရွာ သို့ဇန်နဝါရီ ၃၁ ရက်ညနေပိုင်းတွင် AA အဖွဲ့ဝင် ၄ ဦး ရောက်ရှိလာပြီး ကျေးရွာတွင်နေထိုင်သော မွတ်စလင် အမျိုးသမီးများကို မဖွယ်မရာ မုဒိန်းကျင့်ပြီး ရိုက်နှက် သဖြင့် ကျေးရွာအတွင်းရှိ ရွာသူရွာသား များက ဝိုင်းဝန်းတားဆီးရာမှ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ၊ ၎င်း AA အဖွဲ့ဝင် ၄ ဦး ထွက်ခွာပြီးနောက် ကျေးရွာအနီးသို့ AA အဖွဲ့ ၃၀ ဦးခန့် ထပ်မံရောက်ရှိလာပြီး ရွာကိုမီးရှို့ဖျက်စီးမည်ဟု ခြိမ်းခြောက်ပြီး ကျေးရွာအား ဝန်းရံ ပိတ်ဆို့ထားသဖြင့် စိုးရိမ်ရသည့်အခြေအနေဖြစ် ခဲ့ကြောင်း၊ ၎င်းကျေးရွာရှိ ရပ်မိရပ်ဖများ က လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ကျေးရွာနှင့် အနီးစပ်ဆုံးရှိသော တပ်မတော် ထံသို့ စာရေးသား ပေးပို့ အကူအညီ တောင်းခံခဲ့ရာ တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် အဆိုပါ အကူအညီတောင်းခံစာကို လက်ခံ ရရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် သတင်းဖော်ပြသည်။
AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက "ဒါလုံးဝ သတင်းအမှားဗျ။ လုံးဝ မဟုတ်ဘူး။ မုဒိမ်းကျင့်တာမျိုးမရှိဘူး။ ဖြစ်တာက အဲဒီအခင်းဖြစ်တဲ့နေ့မှာ ရခိုင်လူငယ် ၂ ယောက်က မွတ်စလင်ဆိုင်ကယ်ကယ်ရီသမားတစ်ယောက် မောင်းတဲ့ ဆိုင်ကယ်ကို စီးလာကြတာပေါ့။ အဲဒီမှာ သူတို့ ဆင်းမယ့်နေရာ ရပ်မပေးဘဲနဲ့ မွတ်စလင်ရွာထဲကို မောင်းသွားတာ။ ရွာထိပ်ရောက်တဲ့အခါမှာ မွတ်စလင် ယောကျင်္ား မိန်းမ တစ်ရွာလုံး ဝိုင်းရိုက်တာလို့ သိရတယ်။ အဲဒီလို ရိုက်တာကို အနီးအနားက ရခိုင်တစ်ယောက်က မြင်သွားပြီးတော့ မင်းတို့ ဘာလုပ်ကြတာလဲလို့ အော်လိုက်မှပဲ မွတ်စလင် ရွာသားတွေက ထွက်ပြေးသွားတာ။ အဲဒီဥစ္စာကို သူတို့ရဲ့ အပြစ်ကို ဖုံးကွယ်ချင်တော့ မုဒိမ်းကျင့်ဖို့ လုပ်ကြံပြီး ပြောတာလို့ သိရတယ်။ နောက်ပြီးတော့ မိုင်းတစ်လုံးကို ၁၀ သိန်းတောင်းတယ်ဆိုတာ ဒါလည်း လုံးဝ မဟုတ်ဘူး။ ဒါလည်းလုပ်ကြံပြီးတော့ ပြောနေတာ" ဟု ခိုင်သုခက ပြောဆိုသည်။
လတ်တလော ရခိုင်နှင့် မွတ်စလင်များအကြား ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်မှုများ ရှိသည်ဟု ခိုင်သုခက ပြောဆိုသည်။
"တစ်ခု သတိထားစရာကတော့ မြန်မာစစ်တပ်ကနေပြီးတော့ ရခိုင်နဲ့ မွတ်စလင်ကို လူမျိုးရေး ပြဿနာတက်အောင် နည်းမျိုးစုံနဲ့ လုပ်ကြံပြီးတော့ ဖန်တီးနေတာ တွေ့ရတယ်။ အထူးသဖြင့်တော့ မွတ်စလင်တချို့ကို အသုံးချပြီးတော့မှ ပဋိပက္ခတွေ မဖြစ် ဖြစ်အောင် လုပ်နေတာ တွေ့ရတယ်။ ကျောက်ဖြူဘက်မှာ မွတ်စလင်တွေကို မြို့မိမြို့ဖတွေရဲ့ သဘောတူညီချက်မရဘဲ ပြန်ပြီးနေရာချထားဖို့ လုပ်နေတာရှိတယ်။ ဟိုတစ်နေ့ကလည်း ရှင်ပြုပွဲက ပြန်လာတဲ့ ၃ ယောက် မွတ်စလင်ရွာကို ဖြတ်သွားတဲ့အချိန် ဓားနဲ့ခုတ်တာ၊ ဒုတ်နဲ့ရိုက်တာ ကြုံရပြီးတော့မှ ရခိုင်လူငယ် ၃ ဦး ဒဏ်ရာရပြီးတော့ မင်းပြား ဆေးရုံရောက်နေတာရှိတယ်။ ဆိုတော့ အခုပြသဿနာတွေက မြန်မာအစိုးရက နောက်ကကြိုးကိုင်ပြီးတော့မှ လူမျိုးရေးကို ပြဿနာ မတက်တက်အောင် လုပ်နေတာ ဖန်တီးနေတာဖြစ်တယ်" ဟု ခိုင်သုခက ပြောဆိုသည်။
https://www.facebook.com/khitthitnews/photos/a.386800725090613/843550802748934/?type=3&__xts__%5B0%5D=68.ARDDkzve25nxEPLLZbgMIMnAkFJN8NUW3yuclCr4n0Yz4jW0uiwiiekh6PC7I6AFuAdoBOboDz5YqUI-QX94ifk2SZUu3lEsdKMS-COi1SI4GM9pvnnQng7iM5vM9E1UWMjZL_DRJH6C5LsJiM6adoZ3lDzrEEqZUczjgqL_auWAvIuy16Fa91yOM3Uck06xPBQx3HhYWVigFfzFwYEHaV7WDEVTWxQA8I-bxqcAxjfaufNLIB_QI-85Af0qRM6OZFQxRp16ZK_lO461orLfQmb3Kz5zRdrAcCCYm-AGu9luoexWp9IiZ_N8AGOzL7odn0y-_O2if5jMDsWRtgnsnhk&__tn__=-R
No comments:
Post a Comment