လေးလကျော်ထိန်းသိမ်းခံခဲ့ရသူ Myanmar Now သတင်းထောက် ပြန်လည်လွတ်မြောက်
အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ၇၀၀ ကျော်အနက် Myanmar Now သတင်းထောက် မကေဇွန်နွေးအပါအဝင် သတင်းသမား ၃ ဦး ပါဝင်သည်ဟု ကနဦးသိရသည်
Myanmar Now
Published on Jun 30, 2021
ပြန်လည်လွတ်မြောက်လာသော Myanmar Now သတင်းထောက်မကေဇွန်နွေးကို ယနေ့ ဇွန် ၃၀ ညနေပိုင်းက အင်းစိန်ထောင်ရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ − Supplied)
ပြန်လည်လွတ်မြောက်လာသော Myanmar Now သတင်းထောက်မကေဇွန်နွေးကို ယနေ့ ဇွန် ၃၀ ညနေပိုင်းက အင်းစိန်ထောင်ရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ − Supplied)
အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် တရားရင်ဆိုင်နေရသည့် Myanmar Now သတင်းထောက် မကေဇွန်နွေးသည် ယနေ့ (ဇွန် ၃၀) တွင် ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုဝင်များက အတည်ပြုသည်။
“ကေဇွန်နွေးက ခု အိမ်ကို ပြန်လာနေပြီပြောတယ်။ သူနဲ့ ဖုန်းရပြီးပါပြီ" ဟု မိသားစုဝင်တစ်ဦးက Myanmar Now ကို ယနေ့ညနေပိုင်းတွင် ပြောသည်။
သတင်းထောက်မကေဇွန်နွေးသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲကို သတင်းယူနေစဉ် ရန်ကုန်မြို့ မြေနီကုန်း၌ ဖေဖော်ဝါရီ ၂၇ က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ စုစုပေါင်း ရက်ပေါင်း ၁၂၄ ရက်ကြာ အင်းစိန်ထောင်၌ ထိန်းသိမ်းခံခဲ့ရသည်။
ထို့ပြင် ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီ၏ အမှုဖွင့်အရေးယူခြင်းခံခဲ့ရသူ မကေဇွန်နွေးကို ဧပြီ ၂၈ရက်မှစကာ မေလကုန်အထိ ထောင်အာဏာပိုင်များက တစ်လကျော်ကြာ တိုက်ပိတ်ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီက သတင်းထောက်အများအပြားကို ဖမ်းဆီးခဲ့ပြီး Myanmar Now အပါအဝင် သတင်းဌာန ၈ ခုကို သတင်းလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံရသူ သတင်းထောက်များအနက် ပြန်လွှတ်ပေးခံခဲ့ရသူများမှာ AP နှင့် BBC သတင်းဌာနများမှ သတင်းထောက်များအပါအဝင် Eleven မီဒီယာမှ သတင်းထောက်တစ်ဦး၊ The Hakha Times မှ သတင်းသမားတစ်ဦး၊ အမေရိကန်နိုင်ငံသားဖြစ်သူ ကမာရွတ်ဒီယာအယ်ဒီတာချုပ်၊ မန္တလေးအခြေစိုက် Voice of Myanmar အယ်ဒီတာချုပ်နှင့် သတင်းထောက်တို့ ဦးစွာ ပြန်လည်လွတ်မြောက်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇွန်လဆန်းအထိ ထုတ်ပြန်ချက်များအရ သတင်းသမား ၅၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်သည်။
ယနေ့ (ဇွန် ၃၀) တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်လာသူ ၇၀၀ ကျော်အနက် MPA ဓာတ်ပုံသတင်းထောက် ရဲမျိုးခန့်၊ ဇီးကွက်သတင်းဌာနမှ သတင်းထောက် ဟိန်းပြည့်ဇော်တို့လည်း ပါဝင်သည်ဟု သိရသည်။
https://myanmar-now.org/mm/news/7293
No comments:
Post a Comment