Tuesday, June 1, 2021

မြန်မာစစ်ကောင်စီအပေါ် EU ဒဏ်ခတ်အရေးယူမှု ထပ်ချမယ်

 မြန်မာစစ်ကောင်စီအပေါ် EU ဒဏ်ခတ်အရေးယူမှု ထပ်ချမယ်

မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ထပ်ပြီး ချမှတ်မယ်လို့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးရာအကြီးအကဲ Josep Borrell က ရိုက်တာသတင်းဌာနကို ဒီကနေ့ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေအပေါ် ဒဏ်ခတ်အရေးယူမယ့်အကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ အရှေ့တောင်အာရှဒေသက သံတမန်တွေနဲ့ တွေ့ဆုံ ဆွေးနွေးအပြီး မစ္စတာ Borrell ကပြောတာပါ။

လာမယ့်ရက်ပိုင်းအတွင်း ချမှတ်မယ့် ဒဏ်ခတ်အရေးယူမှုအသစ်တွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးကတည်းကဆိုရင် ၃ ကြိမ်မြောက်ဖြစ်ပါလိမ့်မယ်။

"လာမယ့်ရက်တွေအတွင်း အတည်ဖြစ်မယ့် တတိယအကြိမ်မြောက် ဒဏ်ခတ်အရေးယူမှုတွေကို ပြင်ဆင်နေပါတယ်။ စစ်အစိုးရခေါင်းဆောင်တွေနဲ့ စစ်တပ်ရဲ့ စီးပွားရေးအကျိုးစီးပွားကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေလည်း ပါပါမယ်။" လို့ မစ္စတာ Borrell ကပြောပါတယ်။

အာဏာသိမ်းပြီးကတည်းကဆိုရင် စစ်ကောင်စီထဲက စစ်ဘက်နဲ့ အရပ်ဘက်အဖွဲ့ဝင် ၂၁ ယောက်ကို EU က ဗီဇာပိတ်ထားသလို ဥရောပမှာ အဲဒီလူတွေရဲ့ ပိုင်ဆိုင်မှုတွေ ရှိတယ်ဆိုရင်လည်း ထိန်းချုပ်ထားပါတယ်။

ဒဏ်ခတ်အရေးယူထားသူတွေနဲ့ ဆက်စပ်ပြီး စီးပွားလုပ်တာမျိုးကိုလည်း ဥရောပတိုက်သားတွေနဲ့ စီးပွားရေးကုမ္ပဏီတွေကို ပိတ်ပင်ကန့်သတ်ထားပါတယ်။

မြန်မာစစ်ကောင်စီအပေါ် EU ဒဏ်ခတ်အရေးယူမှု ထပ်ချမယ် (voanews.com)

No comments:

Post a Comment