မြဝတီမြို့အနီးက တိုက်ပွဲတွေကြောင့် ထိုင်းကို ထွက်ပြေးသူ ၇ဝဝ ကျော်ပြီ
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ဗိုလ်ချုပ်ကျော်သက် ဦးဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့တို့ ဇွန်လ ၁ ရက် နေ့က တိုက်ပွဲဖြစ်ပွားလို့ တိုက်ပွဲအနီးမှာ ရှိတဲ့ ရွာသူရွာသား ၇၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ မနေ့က ဇွန်လ၂ ရက်နေ့မှာလည်း ထပ်ရောက်လာလို့ လူ ၇ဝဝ ကျော် ရှိနေပြီး နောက်လည်း ထပ်ရောက်လာမယ့် အခြေအနေတွေ ရှိနေတယ်လို့ မြန်မာလုပ်သားအရေး ဆောက်ရွက်နေတဲ့ AAC မဟာမိတ်အဖွဲ့ရဲ့ တာဝန်ခံ ဦးရဲမင်းက ပြောပါတယ်။ ဒုက္ခသည်တွေကို ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့နဲ့ ငါးမိုင်လောက်အကွာမှာရှိတဲ့ မယ့်ကုတ်ကင်းရွာနားက နွားမွေးမြူရေးခြံတခုထဲမှာ ထိုင်းစစ်သားတွေ စောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ဒေါနအရှေ့ခြမ်းက ကျေးရွာတွေရဲ့ အနီးတဝိုက်မှာ ဗိုလ်ချုပ် စောကျော်သက် ဦးဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ပါဝင်ပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဦးရဲမင်းက ဆိုပါတယ်။
အခု ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ ဒေါနအရှေ့ခြမ်းမှာရှိတဲ့ ဖလူးကြီး၊ ဖလူးလေး၊ မင်းလက်ပံကျေးရွာသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၂ ရက် မနေ့က မွန်းတည့်ချိန်လောက်မှာလည်း စစ်ကောင်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ နေရာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ထိုင်းစစ်သားတစ်ဦးနဲ့ စစ်ပြေးဒုက္ခသည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်လို့ စစ်ပြေးဒုက္ခသည်တွေက ပြောပါတယ်။ အဲဒီ စစ်ပြေး ဒုက္ခသည်တွေအတွက် အစားအစာတွေကို မဲဆောက်မြို့က ထိုင်းလူမျိုးတွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း လာပြီး ကူညီနေကြပါတယ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေါနတောင်ဘက်ခြမ်းမှာလည်း ဇွန်လ ၁ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ပျံဝဲမှုတွေ ရှိနေလို့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိလာမှာကို ဒေသခံရွာသားတွေ စိုးရိမ်နေတယ်လို့ ကရင်သတင်းစဉ် KIC မှာ ဇွန်လ ၂ ရက်နေ့က ဖော်ပြထားပါတယ်။
https://www.rfa.org/burmese/news/myawaddy-thailand-myanmar-coup-06022021143710.html
No comments:
Post a Comment