Tuesday, June 1, 2021

စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျည် ထိုင်းဘက်ခြမ်းစစ်ရှောင်စခန်းသို့ ကျပြီး ထိုင်းစစ်သား ၁ ဦးနှင့် စစ်ရှောင်ပြည်သူ(၂)ဦး ဒဏ်ရာရ

 စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျည် ထိုင်းဘက်ခြမ်းစစ်ရှောင်စခန်းသို့ ကျပြီး ထိုင်းစစ်သား ၁ ဦးနှင့် စစ်ရှောင်ပြည်သူ(၂)ဦး ဒဏ်ရာရ

June 2, 2021 942


Photo: CJ

ဇွန်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ


ယနေ့ ဖြစ်ပွားလျက်ရှိသည့် မြဝတီမြို့၏ တောင်ဘက် ဖလူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ပစ်လိုက်သော လက်နက်ကြီးကျည် ၁ လုံး ဖလူးကျေးရွာ တဖက်ကမ်း ထိုင်းဘက်ခြမ်း မဲ့ခို ကင်းရွာရှိ ယာယီစစ်ရှောင်စခန်းအတွင်း ကျရောက်ခဲ့ပြီး ထိုင်းစစ်သား ၁ ဦး နှင့် စစ်ရှောင်ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။


ယမန်နေ့က မွန်းလွဲ ၁ ဝန်းကျင်ခန့်မှစ၍ ယနေ့ ဇွန်လ ၂ ရက် မွန်းလွဲပိုင်းအထိ စစ်ကောင်စီတပ်၊ BGF ပူးပေါင်းအဖွဲ့ နှင့် ခွဲထွက် DKBA အဖွဲ့တို့ မြဝတီမြို့၏ တောင်ဘက် ၁၀ မိုင်ခန့်အကွာ ဖလူးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများမှာ နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ ထိုင်းဘက်ခြမ်း မဲ့ခိုကင်းရွာရှိ နွားတင်းကုတ်တွင် စစ်ဘေးတိမ်းရှောင် နေကြရခြင်းဖြစ်သည်။


“လက်ရှိ ထိုင်းဘက်ခြမ်း မဲ့ခိုကင်းရွာ နွားတင်းကုတ်နေရာမှာ စစ်ရှောင်နေတဲ့ ပြည်သူ ၆၇၀ ကျော် ရောက်ရှိ ခိုလှုံ နေကြရပါတယ်။ ထိုင်းစစ်သားတွေက အကူအညီပေးမှုတွေရှိပါတယ်။ ဒီကနေ့ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည် ၁ လုံး ယာယီစစ်ရှောင်စခန်းက လူနေထိုင်ရာနေရာနဲ့ ၉ ပေခန့်အကွာမှာ ကျရောက်ပေါက်ကွဲခဲ့ရာမှာ ထိုင်းစစ်သား ၁ ဦးနဲ့ ဖလူးလေးရွာက စစ်ရှောင်ပြည်သူ ၂ ဦး ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့တယ်”ဟု စစ်ရှောင်စခန်းရှိ စစ်ရှောင်စခန်းရှိ ဖလူးရွာသား တစ်ဦးက ကေအိုင်စီ သို့ ပြောသည်။


Photo: CJ


ဖလူးတိုက်ပွဲမှာ ယမန်နေ့ မွန်းလွဲ ၁ နာရီမှစ၍ ယနေ့ ဇွန်လ ၂ ရက်နေ့ မွန်းလွဲပိုင်းအထိ ပြင်းထန်လျက်ရှိရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၉ ဦး နှင့် BGF မှ ၃ ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် လူမှုကွန်ရက်မျက်နှာတွင် ဖော်ပြထားသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ယနေ့ ဇွန်လ ၂ ရက် မနက် ၄ နာရီခွဲဝန်းကျင်ခန့်ကလည်း မြဝတီမြို့ နှင့် မိုင် ၅၀ ခန့်အကွာ မြဝတီခရိုင် ဝေါလေမြို့ ရဲစခန်းအား လက်နက် အဖွဲ့တစ်ခုမှ RPG ဖြင့် ပစ်ခတ်မှုများ ရှိသလို ဝေါလေမြို့အနီးရှိ စစ်မြေပြင်အင်ဂျင်နီယာ (GE)တပ် အခြေချ လုပ်ငန်းခွင်နေရာရှိ နေအိမ်တဲများကို မီးရှို့ဖျက်ဆီးမှုများ နှင့် ပစ်ခတ်မှုများရှိနေ၍ ဝေါလေမြို့အနီး ဒေသခံပြည်သူများသည်လည်း နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် စစ်ရှောင်ပြေး ခိုလှုံနေကြကြောင်း သိရသည်။

http://kicnews.org/2021/06/%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%85%e1%80%ae%e1%80%90%e1%80%95%e1%80%b9-%e1%80%95%e1%80%85%e1%80%b9%e1%80%9e%e1%80%8a%e1%80%b7%e1%80%b9%e1%80%9c%e1%80%80/

No comments:

Post a Comment