Tuesday, June 1, 2021

"တောင်တန်းပြည်မ ညီညွတ်ကြသည်" စာတန်းနဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့

 "တောင်တန်းပြည်မ ညီညွတ်ကြသည်" စာတန်းနဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားသူတွေက တောင်တန်းပြည်မ ညီညွတ်ကြသည်ဆိုတဲ့ ခေါင်းစီးစာတန်းတွေနဲ့ ရန်ကုန်အပြင် မုံရွာ၊ မန္တလေး၊ ထားဝယ် စတဲ့မြို့တွေမှာ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့လယ်ခေါင်မှာ လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲကို စစ်ကောင်စီတပ်ဖွဲ့က ဖြိုခွင်းခဲ့လို့ အနည်းဆုံး လူငယ်တဦး ဖမ်းဆီးခံရပါတယ်။ နိုင်ငံတဝန်းက ဒီနေ့ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။

"တောင်တန်းပြည်မ ညီညွတ်ကြသည်" ဆိုတဲ့ စာတန်းတွေကိုင်ပြီး ဒီနေ့ မြန်မာနိုင်ငံက မြို့တချို့မှာ ဆန္ဒပြခဲ့ကြတာမှာ ရန်ကုန်မြို့မှာ ရာနဲ့ချီ ပါဝင်ဆန္ဒပြကြပါတယ်။ ရန်ကုန်မှာ ပစ်ခတ်ဖြိုခွဲမှုတွေအပြီး ပြန်ထွက်လာကြတဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ အင်အားတော်တော်လေးများတယ်လို့ ပြောနိုင်ပါတယ်။

ပြေးလွှားရင်း တောင်းဆိုသံတွေ ကြွေးကြော် တောင်းဆိုခဲ့ကြတဲ့ ဆန္ဒပြစစ်ကြောင်း စထွက်ပြီး မကြာခင်မှာပဲ စစ်ကောင်စီတပ်တွေက လာရောက် ဖြိုခွဲတဲ့အတွက် အလျင်အမြန် လူစုခွဲခဲ့ကြရပါတယ်။ ဖမ်းဆီးခံရသူတွေ ရှိတဲ့ထဲမှာတဦးကိုတော့ အတည်ပြုနိုင်တယ်လို့ ဒီကနေ့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“တောင်တန်းပြည်မ ညီညွတ်ကြသည်ဆိုတဲ့ သပိတ်ကို ကျနော်တို့တည်တယ်။ တည်တော့ ကျနော်တို့က ၈ နာရီ ၂၀၊ ၈ နာရီခွဲလောက်ကို လုပ်မယ်ဆိုပြီးတော့ လုပ်တော့ သူတို့ဘက်က ၇ နာရီခွဲလောက်ကတည်းက စစ်သားအပြည့်နဲ့ စစ်ကားတစီး စရောက်လာတယ်။ ပြီးတော့ Double Cab တစီး ၈ နာရီလောက်မှာ ထပ်ရောက်လာတယ်။ အနော်ရထာလမ်းမှာ စစ်ကားကြီးက ကြိုရောက်နေတယ်။ ဒါပေမဲ့ ကျနော်တို့က အဲ့ဒီနားမှာ လူအင်အားကလည်း စုပြီးသားဖြစ်နေတော့ စပြီးတော့ လုပ်လိုက်တယ်ပေါ့နော်။ လုပ်လိုက်တော့ အချိန်ကတော့ သိပ်မရလိုက်ဘူး။ ကျနော်တို့ အချိန် နည်းနည်းလောက်ပဲ ရလိုက်တယ်ဗျာ။ မိနစ်ပိုင်းလောက်ပဲ။ လုပ်ပြီးတော့ လူစုခွဲလိုက်ကြတယ်။ လမ်းတွေထဲကို ဝင်ပြေးကြတဲ့အခါမှာ ကောင်လေးတယောက်ကို ဖမ်းသွားတယ်။ ဒီနေ့က ရဲအင်အားကရော တော်တော်များလာတယ်။ ဆိုင်ကယ်တွေနဲ့ရော ဝင်လာတာ။ ကျနော်ဆိုရင် ပြေးဖို့လမ်းမရှိတော့လို့ အဲ့ဒီနားမှာပဲ မတ်တပ်ရပ်နေလိုက်တော့တယ်။ ပြီးမှာ သူ့တို့ရှေ့က လျှောက်သွားလိုက်တာ။”

တောင်တန်းဒေသတွေမှာ ဖြစ်နေတာတွေအတွက် ပြည်မကပြည်သူတွေကလည်း ပံ့ပိုး ကူညီ တောင်းဆိုပေးကြမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဒီနေ့ဆန္ဒပြပွဲကို လုပ်တာဖြစ်တယ်လို့ ရန်ကုန် ဆန္ဒပြပွဲမှာ ပါဝင်သူက ပြောပါတယ်။

“ဒီ တောင်တန်းပြည်မ ညီညွတ်ကြသည် သပိတ်က ရရင်ရသလို ဆက်ပြီး ထွက်နေအုံးမယ်လို့တော့ ကျနော်တို့ ပြောလို့ရတယ်။ ဒါက ဒီလို မြို့လယ်ခေါင်ကြီးမှာလည်း လုပ်ချင်မှ လုပ်မယ်။ ဒါမှမဟုတ်ရင်လည်း သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာ ဒီခေါင်းစဉ်နဲ့ပဲ ဆက်ပြီးကြိုးစားကြမယ်။ ကျနော်တို့ဘာလို့ ဒီခေါင်းစဉ်နဲ့ လုပ်ဖြစ်သလဲဆိုတော့ တောင်တန်းဒေသတွေ ဖိနှိပ်ခံရင်လည်း ပြည်မကလူတွေက ညီညွတ်နေမယ်။ ဆက်ပြီးတော့ တောင်တန်းဒေသတွေအတွက် ကူညီနိုင်တဲ့ဘက်ကနေ ကူညီနေမယ်ဆိုတဲ့ သဘောကို ပြပေးတာဖြစ်တယ်။”

ဒီနေ့ ဆန္ဒပြကြသူတွေထဲမှာ တိုင်းရင်းသားဝတ်စုံတွေ ဝတ်ဆင်ထားကြသူတွေ ပါဝင်ကြသလို ကျောင်းသားတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေကလည်း လမ်းတွေပေါ်မှာ ပူးပေါင်းပါဝင်ကြပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း လူအစည်ကားဆုံးဈေးထဲမှာ တောင်တန်းပြည်မ ညီညွတ်ကြသည် ခေါင်းစီးစာတန်းနဲ့ သပိတ်စစ်ကြောင်း အင်အား ၂၀၀ လောက်နဲ့ ဒီနေ့ ချီတက်ခဲ့ကြပါတယ်။ လမ်းမတွေပေါ်ထွက်ပြီး စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်နေကြတဲ့ သပိတ်စစ်ကြောင်းတွေ ပျောက်မသွားဖို့ တခြားမြို့နယ်တွေနဲ့ ချိတ်ဆက်ပြီး တူညီတဲ့ သဘောထားတွေကို ထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းတွေ နောက်ပိုင်းမှာ ပိုလုပ်လာမယ်လို့ မုံရွာသပိတ်မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီနေ့က မုံရွာမှာ လူအစည်ကားဆုံး ဈေးဖြစ်တဲ့ ချင်းတွင်းရတနာဈေးမှာ သပိတ်လုပ်ဖြစ်တယ်ဗျ။ ကျနော်တို့ ဈေးထဲမှာပဲ လူစုပြီးတော့ မုံရွာမှာလည်း အတူတူပါပဲ၊ တောင်တန်းပြည်မ သွေးစည်းကြသည်ပေါ့နော်။ တော်လှန်စစ်ပွဲတို့ ဆင်နွှဲဆိုပြီးတော့၊ တော်လှန်ရေးစစ်ပွဲ ဆင်နွှဲနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြို့နယ်အသီးသီးက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့တသားတည်း ရှိကြောင်းပြတဲ့သဘော၊ ရန်ကုန်ရော၊ မန္တလေးရော၊ ထားဝယ်ရော၊ မုံရွာအပါအဝင်ပေါ့နော်၊ အားလုံး စာတန်းတခုတည်းနဲ့ တူတူညီညီ ချီတက်ကြတာဗျ။ သပိတ်စစ်ကြောင်းမပျောက်ဖို့ရယ်၊ ကျနော်တို့ ပုံစံအမျိုးမျိုးနဲ့ပေါ့နော်၊ ကျန်တဲ့မြို့နယ်တွေနဲ့ ချိတ်ဆက်ပြီးတော့ တချို့နေ့တွေဆိုရင် ကျနော်တို့ တူညီတဲ့ သဘောထားကို ထုတ်ဖော်တာတွေ ဒါတွေလည်း ကျနော်တို့ နောက်ခါထပ်ပြီးတော့ ရှိလာအုံးမယ်ဗျ။”

မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မြို့မှာလည်း တပ်ပေါင်းစုသပိတ်ကော်မတီနဲ့ လူငယ်သပိတ်ကော်မတီတို့ ပူးပေါင်းပြီး တောင်တန်းပြည်မ ညီညွတ်ကြသည် ခေါင်းစည်းစာတန်းနဲ့ ပျောက်ကြားသပိတ်လုပ်ခဲ့ကြပါတယ်။ ကမ်းနားဘက်မှာလည်း စာရွက်တွေပေါ် တောင်းဆိုချက်တွေ ရေးသားပြီး Paper Strike လုပ်ခဲ့ကြပါတယ်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နဲ့ ဘုမ္မော်ရပ်ကွက်တို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အသွားအလာ လမ်းတွေကို ပိတ်ထားပြီး သူတို့သတ်မှတ်ခွင့်ပြုပေးထားတဲ့ လမ်းကနေသာ သွားလာရမယ်လို့ အမိန့်ထုတ်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း အဲ့ဒီရပ်ကွက်မှာရှိတဲ့ နေအိမ်တွေမှာ အိမ်ထောင်စုစာရင်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့နဲ့ မိသားစုဓာတ်ပုံတွေကို အိမ်ရှေ့နံရံမှာ ကပ်ထားကြဖို့ လှည့်လည်အသိပေးထားတာမျိုး ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကနေ့မှာတော့ ကြက်စားပြင်ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကြက်စားပြင်ရပ်ကွက်နဲ့ ဘုမ္မော်ရပ်ကွက်ကိုတော့ သူတို့က အရင်တခေါက်က သူတို့ သတ်မှတ်ထားတဲ့ ဝင်လမ်းထွက်လမ်းတွေကနေပဲ ဝင်ထွက်သွားလာတာမျိုးတွေ လုပ်ရမယ်လို့ တခြားလမ်းတွေကို အကုန်ပိတ်တာမျိုး ရှိတယ်။ ဒီနေ့ကျတော့ သူတို့က ကြက်စားပြင်ရပ်ကွက်မှာ ၁ လမ်းနဲ့ အလယ်လမ်း ၂ လမ်းကို အင်အားက စစ်ကား ၆ စီးနဲ့ အင်အားကခန့်မှန်း ၁၀၀ လောက်တော့ ရှိမယ်ထင်တယ်။ အဲ့ဒီအင်အားနဲ့ သူတို့လိုက်ပြီးတော့ ဒီမနက်ကပဲ အိမ်ထောင်စုစာရင်းတွေ ဧည့်စာရင်းတွေ လိုက်စစ်နေတာတော့ ရှိတယ်။ ဒါပေမဲ့ ခုအချိန်ထိတော့ ဖမ်းခံရတဲ့သူတော့ မရှိသေးဘူးပေါ့နော်။”

ကြက်စားပြင်ရပ်ကွက်ဟာ ထားဝယ်မြို့မှာ ဆန္ဒပြသူအင်အား အကောင်းဆုံးနဲ့ အတက်ကြွဆုံး ရပ်ကွက်ဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေက နေ့ညမပြတ် စောင့်ကြည့်နေသလို ဝင်ရောက်စစ်ဆေးတာမျိုးတွေလည်း လုပ်တာဖြစ်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။

ဖားကန့်၊ ပေါင်၊ မြိုင်၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ဘုတလင်နဲ့ ကလေးမြို့တွေမှာ လုံခြုံရေးတင်းကျပ်မှုတွေကြောင့် အရင်ရက်တွေလို လူအင်အားအများအပြား မဟုတ်ဘဲ လျှပ်တပြက် ပြောက်ကျားသပိတ်တွေကို လူအနည်းငယ်နဲ့ပဲ ဒီနေ့ လုပ်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူ အမြောက်အများ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြစဉ်က ရန်ကုန်မြို့လမ်းတချို့ပေါ်မှာ ဒီမိုကရေစီရရေး တောင်းဆိုတဲ့ စာသားတွေ ရေးသားထားကြတာကို စစ်တပ်က လိုက်ဖျက်နေပါတယ်။ အလားတူ မြို့အစုံက ဆန္ဒပြစာသားရေးထားတဲ့ လမ်းတွေကို ကတ္တရာ ထပ်ခင်းမယ်လို့လည်း ပြောနေပါတယ်။

"တောင်တန်းပြည်မ ညီညွတ်ကြသည်" စာတန်းနဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့ (voanews.com)

No comments:

Post a Comment