Tuesday, June 29, 2021

နိုင်ငံတစ်ဝန်း ၂၄ နာရီအတွင်း အုပ်ချုပ်ရေးမှူး ၁ ဦး၊ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ ၄ ဦး စုစုပေါင်း ၅ ဦး တိုက်ခိုက်ခံရပြီး သေဆုံး

 နိုင်ငံတစ်ဝန်း ၂၄ နာရီအတွင်း အုပ်ချုပ်ရေးမှူး ၁ ဦး၊ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ ၄ ဦး စုစုပေါင်း ၅ ဦး တိုက်ခိုက်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၃၀
နိုင်ငံတစ်ဝန်း ဇွန်လ ၂၉ ရက်နေ့ ညပိုင်းမှ ဇွန်လ ၃၀ ရက်နေ့ညပိုင်းအထိ ၂၄ နာရီအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး နှင့် သတင်းပေးဟု သတ်မှတ်ခံထားရသူ ၄ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး စုစုပေါင်း ၅ သေဆုံးသွားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာန က စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်မှ စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ ဦးမောင်မောင်သည် သရက်ခြံ ၃လမ်းတွင် ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
"ဖြစ်တာကတော့ ဒီမနက် ၈ နာရီကျော်ကျော်လောက်မှာပဲ အပစ်ခံရတာ။ ၃ ချက်အပစ်ခံရတယ်။ ပွဲချင်းပြီးသေတယ်။ ၉ နာရီလောက်ကျတော့ အလောင်းကို စစ်တပ်က လာသယ်သွားတယ်။ ပြီးတော့ ရပ်ကွက်ထဲကို ပိတ်ဆို့ပြီး စစ်ဆေးတာတွေ လုပ်တာ တွေ့ရတယ်။ သူက သတင်းပေးလုပ်တာကိုတော့ အားလုံးသိကြတယ်။ သူ့ကြောင့် လူငယ်တွေ အတော်ကို ဒုက္ခရောက်ခဲ့ကြတာ။ အခုတော့ ဝဋ်လည်ပြီပေါ့" ဟု ပိန္နဲကုန်းရပ်ကွက်တွင်း နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။
အလားတူ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ တောင်ပေါ်ဒေသ ကြို့ကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး အောင်ဇော်လတ် (ခ) ဇော်လတ်သည် ယနေ့ နံနက်ပိုင်း ဦးခေါင်းကို သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
အသက် ၄၅ နှစ်အရွယ် အောင်ဇော်လတ်သည် ၎င်း၏ ဇနီးနှင့်အတူ ပေါင်းတည်မြို့ဘက်သို့ ဗျူဟာလမ်းအတိုင်း လင်မယားနှစ်ဦးဆိုင်ကယ်မောင်းလာစဥ် သဲကုန်းမြို့နယ်အပိုင် (ပေါင်းတည်မြို့နယ် အဂ္ဂရာပြည့်အုပ်စုအနီး)တွင် ဦးခေါင်းကို သေနတ်ဖြင့် ၂ ချက်ပစ်သတ်ခံရခြင်းဖြစ်ပြီး အမျိုးသမီးဖြစ်သူကတော့ လွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး အောင်ဇော်လတ် သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က အင်အားအလုံး အရင်းဖြင့် တောင်ခမောက်ကျေးရွာဘက်သို့ ချီတက်လာရာ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကန်လေးကုန်းကျေးရွာမှ စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ ဒေါ်မေဇင်ဦးသည် ယမန်​နေ့ညပိုင်းတွင် တိုက်ခိုက်ခံရကြောင်း၊ ယ​နေ့နံနက်ပိုင်း ​သေဆုံးသွား​ကြောင်း ​ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့​ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြိုနယ် သီးကုန်းရွာမှ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ ငမင်းနဲ့ မြင့်လှိုင်တို့ ၂ ဦးသည် ဇွန်လ ၂၉ ရက်နေ့ညပိုင်းက သတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောဆိုကြသည်။
အဆိုပါ အသတ်ခံရသူ ၂ ဦးသည် ယင်းမာပင်မြို့နယ် ရဲစခန်းနှင့်ပူးပေါင်း၍ ဒေသခံ PDF သတင်းများနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများ၏ သတင်းများကို စုဆောင်း သတင်းပေးကြောင်း ဒေသခံများက ဆိုကြသည်။
အဆိုပါသတင်းပေးသူ ၂ ဦးသည် မုံရွာ-ကလေးလမ်း‌ပေါ် ၂၆ မိုင်တွင် အသတ်ခံရပြီး အလောင်းများကို လာရောက်ကောက်ယူမည့်သူမရှိ၍ ဒေသခံများက မီးရှို့ သဂြိုလ်ပေးရသည်ဟု ဒေသသတင်းရင်းမြစ်က သတင်းဖော်ပြသည်။

https://www.facebook.com/khitthitnews/posts/1235241033579907?__cft__[0]=AZVFJumEtVx4aW1l6jhElPLujOlm8gKp_WaURVweSJGYlRjUCLbjBaCznjcvnqCfdryiZRiG_ONStRWfvWXRz7CJa92i6mB9ZiLF3uaemZ___JbiNHBNJ4WKgNd091SoisWpYB8xASLlPZ8m9lawQ7nG&__tn__=%2CO%2CP-R

No comments:

Post a Comment