Sunday, May 2, 2021

ဘိုကလေး၊ မြင်းကကုန်းရွာ ဆန္ဒပြသူတို့ကို တပ်က ဝင်ဖမ်း

 ဘိုကလေး၊ မြင်းကကုန်းရွာ ဆန္ဒပြသူတို့ကို တပ်က ဝင်ဖမ်း

စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေးတိုင်တန်းချက်ကြောင့် စစ်တပ်က ဘိုကလေး ကျေးလက်ပြည်သူတို့ကို လိုက်ဖမ်းနေသည်ဟု ဆိုသည်



Myanmar Now

Published on May 2, 2021

ဆန္ဒပြသူတို့ကို အကြမ်းဖက်နှိမ်နင်းနေသော တပ်မ ၇၇ မှ တပ်သားများ။ (ဓာတ်ပုံ- Myanmar  Now) 

ဆန္ဒပြသူတို့ကို အကြမ်းဖက်နှိမ်နင်းနေသော တပ်မ ၇၇ မှ တပ်သားများ။ (ဓာတ်ပုံ- Myanmar  Now) 

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာတွင် စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြမှုတွင် ပါဝင်ဖူးသူများကို စစ်တပ်က ယနေ့ (မေ ၂) နံနက်အစောပိုင်း၌ အကြမ်းဖက်ဖမ်းဆီးနေသည်။


“မနက် ငါးနာရီလောက်ကတည်းက ဝင်ဖမ်းနေတာ။ တချို့အိမ်တွေဆို တံခါးတွေကို ကန်ဖွင့်ပြီး အတင်းဝင်ဖမ်းတာ။ ဆန္ဒပြတဲ့သူတွေကို သူ (စစ်ကောင်စီခန့်ထားသည့်အုပ်ချုပ်ရေးမှူး) ကိုယ်တိုင် အမှုဖွင့်ပြီး ဖမ်းခိုင်းတာလို့ ကြားတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသော ရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။ 


အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်မိနိုင်၊ အသက် ၄၀ ဝန်းကျင်အရွယ် ဦးသန်းစိုးတို့ မြင်းကကုန်းရဲကင်းစခန်း၌ အချုပ်ခံထားရကြောင်း ၎င်းက ပြောသည်။


"အိမ်ပေါ်ကိုလည်း အကုန်လုံးမွှေနှောက်ပြီး ဘုရားခန်းတွေရော ဖိနပ်တွေနဲ့ လျှောက်တက်လုပ်တာ။ ပြောသေးတယ် လက်နက်ရှာတာ တဲ့။ ဘာလက်နက်တွေ့မှာတုန်း။ ဘာမှမရှိဘဲနဲ့ဟာ။ ဘာမှမတွေ့တော့ NLD အကျီနှစ်ထည်တွေ့တော့ ဒါ သက်သေခံပစ္စည်းဖြစ်တယ်ဆိုပြီး ယူသွားတာ”ဟု ဒေါ်မိနိုင်၏သမီးဖြစ်သူ မဇာခြည်လင်းက ပြောသည်။




ထို့ပြင် ၎င်း၏မိခင်သည် ပုဒ်မ ၅၀၅(က)ဖြင့် အမှုခံထားရသူလည်းမဟုတ်ကြောင်း၊ လာရောက်ဖမ်းဆီးခံရသည့် စစ်သားများသည် တပ်မ ၁၁ မှဖြစ်ကြောင်း ဆက်ပြောသည်။ 


စစ်ကောင်စီမှ ခန့်ထားသည့် မြင်းကကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမျိုးဦးဆိုသူက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်ဖူးသူများကို ၅၀၅(က)ဖြင့် ကိုယ်တိုင်အမှုဖွင့်ပြီး ဖမ်းဆီးခိုင်းခြင်းဖြစ်သည်ဟု မြင်းကကုန်း ရွာသားသုံးဦးက Myanmar Now ကို ပြောသည်။




ရွာသားများ၏ စွပ်စွဲပြောဆိုချက်နှင့် ပတ်သက်ပြီး တုန့်ပြန်ချက်ရရှိရန် ဦးလှမျိုးဦးကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။


အဆိုပါ အုပ်ချုပ်ရေးမှူးသည် ယခင်ရွေးကောက်ခံအစိုးရလက်ထက်၌ ဝင်ရောက်အရွေးခံယှဉ်ပြိုင်ခဲ့ဖူးသော်လည်း ရွေးချယ်မခံခဲ့ရကြောင်း ၎င်းရွာသားများက ပြောသည်။


မြင်းကကုန်းရဲအချုပ်အတွင်း၌ အဖမ်းခံထားရသူအချို့ သေဆုံးမှုဖြစ်စဉ်များလည်း ယခင်က ရှိထားသဖြင့် အဖမ်းခံထားရသူများ၏ မိသားစုဝင်များက စိတ်ပူနေကြသည်။


“ဒီမှာ လမ်းမှာ ခေါ်သွားတုန်းကတော့ ရိုက်နှက်သွားတာ မတွေ့ရဘူး။ ဒါပေမယ့် စခန်းထဲမှာ ထားတာ။ မုန့်သွားပေးတာတောင် တွေ့ခွင့်မရဘူး။ စခန်းထဲရောက်မှ ကိုယ့်မိဘ တစ်ခုခုဖြစ်မှာ စိုးရိမ်တာ”ဟု မဇာခြည်လင်းက ဆိုသည်။


ဧရာဝတီမြစ်ဘေးရှိ မြင်းကကုန်းကျေးရွာသည် အိမ်ခြေ ၂၀၀၀ ခန့် ရှိပြီး ဘိုကလေးမြို့မှ ကိုးမိုင်ခန့် ကွာဝေးသည်။


ရွာခံ ဒလန်အချို့၏ သတင်းပေးတိုင်တန်းမှုများရှိနေသဖြင့် ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ မြင်းကကုန်းကျေးရွာတွင် ဆန္ဒပြစစ်ကြောင်းများ မရှိတော့ကြောင်း ဒေသခံများက ဆိုကြသည်။

https://myanmar-now.org/mm/news/6657

No comments:

Post a Comment