အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) ရဲ့ ဒီကနေ့ ကျင်းပတဲ့အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တရားဝင် ဖွဲ့စည်းတဲ့ အပေါ် ဝမ်းသာတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ NUG ကို တရားဝင် အသိအမှတ် ပြုကြောင်း မပြောသလို ပူးပေါင်းဆောင်ရွက်မယ်လို့လည်း မပြောတဲ့အတွက် (PPST) ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်ဟာ ယေဘူယျဆန်တယ်လို့ နိုင်ငံရေးအကဲခတ်တွေကသုံးသပ်ထားပါတယ်။ ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်ဖွဲ့စည်းနိုင်ခြင်းဟာ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတလှမ်းကို လှမ်းလိုက်တာ ဖြစ်သလို ဒီလိုဖွဲ့စည်းတဲ့အပေါ် PPST အနေနဲ့ ဝမ်းမြောက်တယ်လို့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့ (၁၀) ဖွဲ့ရဲ့ PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ် ကပြောဆိုလိုက်တာပါ။
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) က ဒီနေ့ ဧပြီ ၂၆ ရက်မှာ အွန်လိုင်းပေါ်က ကျင်းပတဲ့ အစည်းအဝေးအတွင်း အဖွင့်မိန့်ခွန်းထဲမှာ သူကပြောခဲ့တာပါ။
ဒါပေမဲ့ NUG ကို တရားဝင်အစိုးရအဖြစ်လက်ခံကြောင်း ပူးပေါင်းဆောင်ရွက်မယ့်အကြောင်းတွေ မပြောတဲ့အတွက် ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ပြောဆိုချက်ဟာ နိုင်ငံရေးအရ သံတမန်ရေးရာဆန်ပြောဆိုတာလို့ နိုင်ငံရေးရေးလေ့လာ သုံးသပ်သူ သီပေါမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းကသုံးသပ်ပါတယ်။
“နဲနဲ သံတမန်ရေးဆန်တာပေါ့နော်။ NUG အစိုးရဖွဲ့တဲ့အပေါ်မှာ ထောက်ခံတယ်ဆိုတာကတော့ နဲနဲသူတို့ဘက်က ငြိမ်းချမ်းရေးဆွေးနွေးလိုတဲ့ဖြစ်စဉ်ကို ထိခိုက်နိုင်တာပေါ့နော်။ သို့သော်လည်းဘဲ အဲဒီ NUGထဲမှာ မပါဘူးဆိုလို့ ရှိရင်တော့ ဟိုဘက်က(စစ်တပ်ဘက်က) ခွင့်လွှတ်နိုင်သေးတာပေါ့။ NUG မှာပါမယ်နောက်သူတို့ဖွဲ့စည်းမဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော်တွေမှာလဲ တက်တက်ကြွကြွပါမယ်ဆိုရင်တော့ ပြဿနာရှိပြီးလို့ပြောနိုင်တယ်ပေါ့။ အဓိကတော့ သံတမန်ရေးအရပြောတဲ့သဘောပါဘဲ။ အာဏာသိမ်းတာကိုလဲထောက်ခံရာမရောက်ဘူးပေါ့။ အာဏာသိမ်းတာကို ဆန့်ကျင်ပြီးတော့ ပြန်တိုက်မယ်ဆိုတဲ့ဟာကိုလဲ အားပေးအားမြောက်ရာ ပူးပေါင်းရာလဲမရောက်ဘူးပေါ့။”
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်းပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးအတွင်း စစ်တပ်ရဲ့ ပစ်ခတ် မှုတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ၇၅၀ ကျော်အတွက် စစ်ကောင်စီခေါင်းဆောင်တွေက တာဝန်ယူရမယ်လို့တော့ ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/ SSA South ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်က အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့မှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးသဘောတူညီချက် တွေဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးရေး၊ တွေ့ဆုံဆွေးနွေးရေးကို အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေး ရေး နဲ့အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်အတွင်းကို ဝင်ရောက်ပြီး သက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံခွင့် ရရေး စတဲ့အချက်တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အနေနဲ့ ပူးပေါင်းဆောင်ရွက်သွား မယ်လို့ လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒီအပေါ်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကအခုလိုပြောပါတယ်။
“အခုလို အာစီယံတို့ဘာတို့ရဲ့ ဆုံးဖြတ်ချက်ကို ပူးပေါင်းသွားမယ်တို့ဘာတို့ဆိုတာတွေကတော့ နိုင်ငံရေးသဘော ဆောင်တာပေါ့နော်။ နိုင်ငံရေးအရ ဘာဘဲဖြစ်ဖြစ်အပြုသဘောနဲ့ ပြဿနာတွေကို အပြုသဘောနဲ့ ဖြေရှင်းသွားဖို့ဆိုတဲ့ သဘောဆောင်တာပေါ့။ အာဆီယံဆုံးဖြတ်ချက်က မြန်မာနိုင်ငံကသွားပြီးတက်တဲ့ကိုယ်စားလှယ် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ရဲ့ သဘောတူညီချက်နဲ့ ချမှတ်တယ်လို့ကျွန်တော်ကယူဆတယ်။ ဘာကြောင့်လဲဆိုသူတို့က ဆုံးဖြတ်ချက်တခုကို တနိုင်ငံကသဘောမတူရင်ချလို့မရဘူးလေ။ ဒီလိုသဘောတူနိုင်အောင်တချို့အချက်ကိုဖြုတ်ပေးရတယ်။ ဥပမာအားဖြင့်အထိန်းသိမ်းခံ အဖမ်းဆီးခံထားရတဲ့ပုဂ္ဂိုလ်တွေ အားလုံးပြန်လွှတ်ပေးဖို့အချက်မျိုး မပါတာပေါ့။ ကာကွယ်ရေးဦးစီးချုပ်ကလဲသဘောတူညီခဲ့တဲ့ ဆုံးဖြတ်ချက်ယူဆရတာပေါ့နော်။ အဲတာကိုPPSTကထောက်ခံတယ် ပူးပေါင်းဆောင်ရွက်မယ်ဆိုတော့ ဒါကတော့ပြဿနာမရှိလောက်ဘူး။”
ဧပြီ(၁၆) ရက်မှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တရားဝင်ဖွဲ့စည်းကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ CRPHကနေ ကြေညာခဲ့ရာမှာ PPST ထဲမှာပါတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့ထဲက ဒေါက် တာဆလိုင်းလျန်မှုန်းဆာခေါင်ကလည်း NUG အစိုးရအဖွဲ့ထဲ ပါဝင်လာတာ တွေ့ရပါတယ်။
မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးကတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ သတိကြီးကြီးထား လုပ်ဆောင်သွားရမယ်လို့သူ့ရဲ့အမြင်ကို မွန်ဘာသာနဲ့အခုလိုပြောပါတယ်။
“အခုအလိုအခြေအနေမျိုးမှာ သတိကြီးကြီးထားရပါမယ်။ မိတ်ဖက်ဆက်စပ်မှုတွေဟာ အန္တရာယ် ၂ ဘက်စလုံးရှိ တတ်ပါတယ်။ အန္တရယ်ကြီးကြီး သေးသေး ၂ ဖက်စလုံးမှာရှိနေပါတယ် ဒါကြောင့် ကျနော်တို့အနေနဲ့ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်တတ်ဖို့လိုပါတယ်။ ဆုံးဖြတ်ချက်တွေမှားတာနဲ့ မိမိတစ်ဦးတည်းအတွက်သာမက တစ်မျိုးသားလုံး အတွက်ပါ အန္တရယ်တွေနဲ့ ထိပ်တိုက်တိုးရင်ဆိုင်ရပါလိမ့်မယ်။ ”
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကို မနက်ဖန်ဧပြီလ(၂၇)ရက်နေ့အထိ Video Conferencing ဖြင့် ကျင်းပနေပြီး ဘာတွေအသေးစိတ် ဆွေးနွေးနေသလဲဆိုတာတော့ မသိရသေးပါဘူး။
ဒီအစည်းဝေးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)စတဲ့အဖွဲ့(၁၀)ဖွဲ့ခေါင်းဆောင်တွေဆွေးနွေးနေတာလဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဧပြီလ(၅)ရက်နေ့မှာကျင်းပပြီးစည်းခဲ့တဲ့(PPST) အစည်းအဝေးတုန်းကတော့ စစ်ကောင်စီတပ်ကနေ လက်နက်မဲ့ ပြည်သူတွေကိုအကြမ်းဖက်သတ်ဖြတ်နှိမ်နှင်းမှုကိုရပ်တန့်ဖို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေကိုအမြန်ဆုံး လွှတ်ပေးဖို့ ပြည်သူတွေဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးနဲ့CDMလှုပ်ရှားမှုတွေကို ဆက်လက်ကူညီသွားမယ်ဆိုတာနဲ့ CRPHရဲ့၂၀၀၈ဖွဲ့စည်းပုံဥပဒေကိုဖျက်သိမ်းကြောင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညဉ်ကြေညာချက်ကိုကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
https://burmese.voanews.com/a/ppst-said-they-are-happy-nug-government-/5867258.html
No comments:
Post a Comment