စစ်တပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် KNU ထိန်းချုပ်နယ်မြေများတွင် သေဆုံးသူ ၂၀ ဦးအထိရှိလာ
KNU တပ်မဟာ ၃ နှင့် တပ်မဟာ ၅ ထိန်းချုပ်ဒေသများတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် လေးရက်အတွင်း အရပ်သား ၂၀ ဦး သေဆုံးကာ အနည်းဆုံး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိ၍ ဒေသခံ ထောင်ပေါင်းများစွာလည်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်
Myanmar Now
Published on Apr 1, 2021
လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်လာသော ကရင်တိုင်းရင်းသားများအား မတ် ၂၉ က တွေ့ရစဉ်။ (ဓာတ်ပုံ- KWO)
လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်လာသော ကရင်တိုင်းရင်းသားများအား မတ် ၂၉ က တွေ့ရစဉ်။ (ဓာတ်ပုံ- KWO)
အာဏာသိမ်းစစ်တပ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေများတွင် တိုက်လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စုစုပေါင်း သေဆုံးသူ အရပ်သား ၂၀ ဦးရှိပြီဖြစ်သည်။
မတ် ၃၀က KNU တပ်မဟာ(၃) ထိန်းချုပ်ဒေသ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မယ်ဒမတ်ချောင်းဖျားနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍ အလုပ်သမားများအပါအဝင် ၁၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"မယ်ဒမတ်ချောင်းဖျားမှာ ရွှေလုပ်ကွက်ရှိတယ်။ အဲဒီမှာ သူတို့တွေ နှစ်ကြိမ်လောက် တိုက်လေယာဉ်နဲ့ လာဝဲတယ်။ ပြီးမှ ပစ်ချတာပေါ့။ ပွဲချင်းပြီး သေတာ ၆ ယောက်။ ပြီးတော့ နောက်ထပ်သေတာ ထပ်တိုးသွားတော့ ၁၁ ယောက် ဖြစ်သွားတာ။ ဒဏ်ရာရတာက ၅ ဦး" ဟု ဒေသခံ စောထိုမယ်ဦးက ပြောသည်။
သေဆုံးသူများသည် အမျိုးသားများဖြစ်ပြီး ဒေသခံများသာမက ရွှေ့ပြောင်းလုပ်သားများလည်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။
"သေတဲ့ထဲမှာ တပ် (စစ်ကောင်စီလက်အောက်ခံတပ်) ရဲ့ မိသားစုထဲက စစ်သားရဲ့ ကလေးနှစ်ယောက် ပါတယ်။ အဆင်မပြေတော့ ဒီဘက်မှာ ရွှေလုပ်ငန်းလာပြီး နေ့စား လာလုပ်ကြတာ။ ရွှေတွင်းမှာ လာလုပ် ရင်း ဗုံးကျဲတဲ့အထဲ ပါသွားတာ" ဟု စောထိုမယ်ဦးက ဆက်ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုမတိုင်မီ မတ် ၂၉ တွင် KNU တပ်မဟာ(၃)က စစ်ကောင်စီတပ်ဖွဲ့များအား တိုက်ခိုက်ခဲ့၍ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားခဲ့သည်ဟု KNU အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကရင်ပြည်နယ်၊ မူတရော်ခရိုင်အတွင်းရှိ စစ်ကောင်စီလက်နက်ကိုင်များ၏ သီးမူထာစစ်စခန်းကို မတ် ၂၇ နံနက်တွင် KNU က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ထိုသို့တိုက်လေယာဉ်များဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မတ်လ ၂၇ ညပိုင်းမှစ၍ KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ဒေသတွင် စစ်တပ်က နှစ်ရက်ဆက်ကာ လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ တစ်သောင်းကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထိုအပြင်ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်အတွင်းရှိ ထီးဖဒိုရွာကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက မတ် ၃၀ ၊ ညနေ ၃ နာရီခန့် အချိန်တွင် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်ခဲ့၍ ထီးဖဒိုရွာမှ ပြည်သူ ၆ ဦး ထိမှန်သေဆုံးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။
တစ်ချိန်တည်းမှာပင် တပ်မဟာ ၅ အတွင်းရှိ မဲဝိုင်ဒေသကိုလည်း လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့ပြီး ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်တပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ အပစ်ရပ် NCA ထိုးထားသော KNU တို့ဖြင့်ပါ တိုက်ပွဲများ ဖြစ်ပွားနေပြီး KIA နှင့် KNU သည် အာဏာသိမ်းကောင်စီ၏ ပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွဲမှုမျာကို လက်မခံကြောင်း ထုတ်ပြန်ထားသည်။
စစ်တပ်သည် မတ် ၃၁ တွင် တစ်လအပစ်ရပ်ကြောင်းကြေညာခဲ့သော်လည်း ကချင်ပြည်နယ်အတွင်း အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသောကြောင့် တိုက်ပွဲများ ဆက်ဖြစ်နိုင်ဖွယ်ရှိသည်ဟု KIA ဘက်က ပြောထားသည်။
https://myanmar-now.org/mm/news/6358
No comments:
Post a Comment