Sunday, April 25, 2021

ကချင် ဗန်းမော်ခရိုင်တွင်း စစ်ကောင်စီနဲ့ KIA တိုက်ပွဲပြင်းထန်

 ကချင်ပြည်နယ် ဗန်းမော်ခရိုင်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း ဒေသခံတွေ ထိခိုက်မှုတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ကချင်လွတ်လပ်ရေးတပ် (KIA) သိမ်းယူထားတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့သစ်ရွာ မျက်နှာချင်းဆိုင်တောင်ကုန်းကို မြန်မာတပ်မတော်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ဖို့ မနေ့ကနေ ဒီကနေ့အထိ လေကြောင်းအကူနဲ့ပါ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဗန်းမော်မြို့ခံတဦးက ပြောပါတယ်။

“မြို့သစ်ဟိုဘက်ကမ်းက စလောင်းကုန်းလေ၊ အဲဒီမှာဖြစ်တာ။ အခုထိဖြစ်နေတာ။ ဟို လေယာဉ်တွေနဲ့ ဗုံးလာကြဲ၊ ဒီမနက်ရော မနေ့ကရော ညမိုးချုပ်အထိပေါ့။”

KIA ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးနော်ဘူကတော့ မြို့သစ်ရွာဘက် ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို အခုလိုပြောပါတယ်။

“မနေ့က မနက်ပေါ့နော်။ ၆ နာရီခွဲအချိန်ကနေ စဖြစ်တယ်။ စဖြစ်တဲ့အချိန်မှာကတော့ စစ်ကောင်စီ တပ်မတော်ဘက်ကနဲ့ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ နေ့လယ်ပိုင်းဆိုရင်တော့ သူတို့က မြေပြင်နဲ့ ပြန်တက်သွားတယ်။ မြေပြင်တိုက်ပွဲတွေ ပြန်ဖြစ်တာ။ အဲဒီအချိန်မှာကတော့ လေကြောင်းနဲ့ ပြန်တိုက်ခိုက်တာ ရှိပါတယ်။ လေကြောင်းနဲ့ကတော့ ဂျက်ဖိုက်တာ၊ ဟယ်လီကော်ပတာတို့နဲ့ တိုက်ခိုက်တာ ရှိပါတယ်။ မနေ့က ၉ နာရီအထိပေါ့နော်။ လေကြောင်းနဲ့ တိုက်ခိုက်တာ ရှိပါတယ်။”

လက်ရှိဖြစ်ပွားနေတဲ့ ဒေသအခေါ် စလောင်းကုန်းခေါ် တာဝါတိုင်ကုန်း တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒုဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

လက်ရှိ ဗန်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်ဘက်မှာတော့ မြန်မာစစ်တပ်ကနေ အင်အားတိုးချထားတဲ့ အနေအထားမှာ ရှိနေပါတယ်။

မနေ့ကညနေပိုင်းမှာလည်း ဗန်းမော်မြို့ တက္ကသိုလ်အနီး နမ့်ဖားကျေးရွာဘက်မှာ မြန်မာစစ်တပ်နဲ့ KIA တပ်တို့အကြား ပစ်ခတ်မှုအတွင်း ရွာသားတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဗန်းမော်ဒေသခံတဦးက ပြောပါတယ်။

“မနေ့ညနေပိုင်းမှာ နမ့်ဖားပေါ့၊ တက္ကသိုလ်မရောက်ခင်နားလေးမှာ KIA နဲ့ တိုက်ပွဲဖြစ်တယ်။ အရပ်သား ၃ ယောက် ထိသွားတယ်။ ဒဏ်ရာရတယ် ဟုတ်။ တယောက်တော့ စိုးရိမ်ရတယ်။ တပ်နဲ့ KIA နဲ့က ဘယ်လောက်အထိ ထိကြလဲ ကျနော်တို့ အတိကျ မသိရဘူး။”နမ့်ဖားတံတားအနီး ရောက်လာတဲ့ မြန်မာစစ်ယာဉ်တန်းကို KIA ပြည်သူ့စစ်တပ်ဖွဲ့ကနေ ပစ်ခတ်တာဖြစ်ပြီး မြန်မာစစ်တပ်ဘက်က ပြန်လည်ပစ်ခတ်ရာမှာ ရွာသားတချို့ ထိခိုက်မှုရှိခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့တို့ စစ်ရေးတင်းမာခဲ့တဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ တတိယအပတ်ကစပြီး ဒေသခံရွာသား ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဗန်းမော်မြို့ ဘုန်းတော်ကြီးကျောင်း၊ မိုးမောက်မြို့ KBC အသင်းတော်မှာနဲ့ မန်နောင်ဆိုတဲ့ ရှမ်းရွာမှာ စစ်ရှောင် ၂,၀၀၀ ကျော်ကျော် တိမ်းရှောင်ရောက်ရှိနေတာပါ။

မိုးမောက်မြို့နယ်မှာ တပတ်ခန့် တိုက်ပွဲရပ်တန့်နေရာကနေ အခုလို တိုက်ပွဲပြန်ဖြစ်လာတဲ့အတွက် စစ်ရှောင်တွေ နေရပ်မပြန်ရဲကြဘူးလို့ မိုးမောက်ဒေသခံတဦးက ပြောပါတယ်။

“တချို့ကလည်း ပြန်ချင်တယ်။ ပြန်ဖို့လည်း စိုင်းပြင်းနေကြတာပေါ့လေ။ ဒီရက်ပိုင်းထဲမှာ တိုက်ပွဲက တရက်နှစ်ရက် ငြိမ်သွားတော့။ ဒါပေမယ့်လည်း မနေ့က ပြန်ဆက်ဖြစ်တဲ့အခါကျတော့ သူတို့က ပြန်ဖို့တော့ နောက်ပြန်ဆုတ်ထားရတာပေါ့။”

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာ မိုးမောက်မြို့နယ်အတွင်း KIA နဲ့ နစက စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး တိုက်လေယာဉ်နဲ့ ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၁ ခုနှစ်တုန်းက မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့တို့ တကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာလည်း မိုးမောက်မြို့နယ်က ရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေတဲ့ အခြေအနေကို သိရှိဖို့ စစ်ကောင်စီ ပြန်ကြားရေး တာဝန်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ကချင်ပြည်နယ်ထဲမှာ ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော်၊ အင်ဂျန်းယန်၊ ဖားကန့်မြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။ အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့မှာ တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ မြန်မာတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို ဧပြီလ ၂၂ ရက်မှာလည်း လင်းခေးခရိုင် မိုးနဲမြို့နယ် လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်နဲ့ ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲအတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

https://burmese.voanews.com/a/myanmar-army-kia-fighting/5865992.html

No comments:

Post a Comment