DVB သတင်းဌာနမှ ဝန်ထမ်းဟောင်းတဦးကို ဖမ်း၍ စစ်ကြောရေးပို့
DVB သတင်းဌာန အမှတ်တံဆိပ်
7.8k
By ဧရာဝတီ 26 April 2021
Want create site? Find Free WordPress Themes and plugins.
ရန်ကုန်တိုင်း ၊ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့် DVB သတင်းဌာနတွင် ရုပ်သံရိုက်ကူးလုပ်ခဲ့သည့် ဝန်ထမ်းဟောင်း ကိုသူရစိုးအား ဧပြီ ၂၅ ရက် ည ၈နာရီခွဲခန့်က စစ်တပ်နှင့်ရဲတပ်ဖွဲ့များက နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးပြီး စစ်ကြောရေး သို့ ပို့လိုက်ပြီဟု သတင်းရရှိသည်။
ကိုသူရစိုး၏ သတင်းသမားလုပ်ဖော်ကိုင်ဖက်တဦးက “ကျမ စခန်း (ပုဇွန်တောင် ရဲစခန်း) ကို ဖုန်းဆက်ကြည့်တော့ ရွှေပြည်သာ စစ်ကြောရေးကို ပါသွားပြီတဲ့ ။ ဒီမနက် ၁၀နာရီခွဲက ပို့လိုက်ပြီတဲ့ ”ဟု ပြောသည်။
အဆိုပါ လုပ်ဖော်ကိုင်ဖက်သတင်းသမား၏ ပြောဆိုချက်အရ ကိုသူရစိုးသည် မိဘများဆုံးပါးသွားပြီး အတူနေမိသားစု ဝင်များ မရှိဘဲ နေအိမ်တွင် တဦးတည်းနေထိုင်သူ ဖြစ်သည်ဟု သိရသည်။
မျက်မြင်တွေ့ရှိသူများ၏ ပြောချက်အရ ကိုသူရစိုးနေထိုင်ရာ ပုဇွန်တောင်မြို့နယ်၊ ယုဇနလမ်းသို့ ယမန်နေ့ည ၈နာရီခွဲခန့်က စစ်တပ်နှင့် ရဲ ၁၀ ဦးကျော်က ဧည်စာရင်းစစ်ရန် အကြောင်းပြချက်ဖြင့် သေနတ်များပစ်ဖောက်ကာ ဝင်ရောက်လာခြင်းဖြစ် ကြောင်း သိရသည်။
ယုဇနလမ်းတွင် နေထိုင်သူ တဦးက “သူတို့ဝင်လာတော့ ဒီက လူထုက အားလုံးကြောက်ပြီး ငြိမ်နေကြတာပေါ့။ သူတို့က တခြားအိမ်တွေကိုတော့ မဝင်ဘူး။ DVB သတင်းထောက်ရှိတဲ့ဆီ တန်းဝင်ပြီး ဧည့်စာရင်း စစ်ဆိုပြီး ဖမ်းတာ၊ ဒလန်လည်း ပါတယ်။ ဖမ်းခံလိုက်ရတာတော့ စုစုပေါင်း ၃ဦး ရှိတယ်။ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တဦး။ ဒီမနက်ထိ ပြန်လွတ်လာသံ မကြားရသေးဘူး”ဟု ပြောသည်။
ကိုသူရစိုး၏ နေအိမ်မှလည်း ကွန်ပျူတာများနှင့် ပစ္စည်းအချို့ကို သိမ်းဆည်းသွားသည်ဟု မျက်မြင်တွေ့သူများက ပြောဆို ကြသည်။
ကိုသူရစိုးသည် DVB သတင်းဌာနတွင် ရုပ်သံရိုက်ကူးရေးဝန်ထမ်းတဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့သူတဦး ဖြစ်သည်။
စစ်ကောင်စီက DVB Multimedia Group အပါအဝင် 7 Days ၊ Mizzima၊ Myanmar Now နှင့် ခေတ်သစ် သတင်း ဌာနတို့ကို မတ် ၈ ရက်က ထုတ်ဝေခွင့် လိုင်စင်များ ပိတ်သိမ်းခဲ့သည်။
ထုတ်ဝေခွင့် လိုင်စင် ပိတ်သိမ်းခံရပြီးနောက် မတ် ၉ ရက်တွင် DVB သတင်းဌာနသည် ပြည်တွင်းအခြေစိုက် လုပ်ကိုင် နေသည့် DVB Multimedia Group ကို ဖျက်သိမ်းပြီး ပြည်တွင်း၌ လုပ်ကိုင်နေသည့် ဝန်ထမ်းများ အားလုံးကိုလည်း နှစ်လစာ ပေး၍ အလုပ်တာဝန်မှ ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။
DVB သတင်းဌာန၏ Operation Director ဦးတိုးဇော်လတ်က “မနေ့ညက (ကိုသူရစိုး အပါအဝင်) ရေကျော်မှာ ၃ ယောက်ဖမ်းခံရတယ်။ တယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ပြန်လွှတ်ပေးလိုက်တဲ့ သူက ဘယ်သူ ဆိုတာလည်း ကျနော်တို့ သေချာ မသိပါဘူး။ သူတို့ကသေချာတာ အခု ရဲစခန်းမှာ မရှိပါဘူး။ ရဲစခန်းက မသိဘူးလို့ ပြောလွှတ် လိုက်ပါတယ်။ စစ်ကြောရေး စခန်းဘက်ကိုတော့ ခေါ်သွားတယ်လို့တော့ ပြောပါတယ်”ဟု ပြောသည်။
DVB သတင်းဌာန၏ လုပ်ငန်းတာဝန်ရပ်ဆိုင်းခံရသည့်ထဲတွင် ကိုသူရစိုးလည်း ပါဝင်ကြောင်း ဦးတိုးဇော်လတ်က ဆက် ပြောသည်။
DVB အနေဖြင့် ပြည်တွင်း၌ ထုတ်ဝေခွင့် လိုင်စင် ပိတ်သိမ်းခံရသော်လည်း ပြည်တွင်းတွင် ၎င်းတို့ ဌာန၌ အလုပ်လုပ်ကိုင် ဖူးပြီး ယခုအခါ ဖမ်းဆီးခံရသူများ၊ ၎င်းတို့ဌာနအတွက် အချိန်ပိုင်းလုပ်ကိုင်နေခြင်းကြောင့် ဖမ်းဆီးခံရသူများ အားလုံးကို ဥပဒေကြောင်းနှင့် လူမှုရေးအရ အကူအညီများ ပေးနေသဖြင့် ကိုသူရစိုးကိုလည်း ကူညီရန် ဆောင်ရွက်နေပါပြီဟု ဦးတိုးဇော်လတ်က ဆိုသည်။
ဆက်လက်ပြီး ၎င်းက “သတင်းထောက်တွေကို အခုလို အဓိပ္ဗာယ်ရှိရှိနဲ့ လိုက်လံဖမ်းဆီးပြီး အသံတိတ်အောင် လုပ်နေတာ ကိုက တော်တော်လွဲနေတာပါ။ ဒါက ဥပဒေနဲ့ မညီညွတ်ပါဘူး။ သတင်းမီဒီယာဥပဒေအရ ပုဒ်မ ၄မှာ တရားဝင် ပြောထား ပါတယ်။ အများပြည်သူသတင်းရပိုင်ခွင့်အတွက် သတင်းသမားများက သတင်းရယူပိုင်ခွင့်ရှိသည်ဆိုတာပါ။ ဒီအပေါ်မှာ ဥပဒေနဲ့ အညီလုပ်နေတာပါ။ အခုလို ဖမ်းဆီးနေတဲ့အပေါ် ကျနော်တို့က လုံးဝကန့်ကွက်ပါတယ်”ဟု ပြောသည်။
DVB သည် ပြည်တွင်းတွင် အခြေစိုက်လုပ်ကိုင်နိုင်ခြင်း မရှိတော့သဖြင့် ပြည်ပ တွင် Exile Media တခုအနေဖြင့် ဆက်လက် ရပ်တည်ကာ မြန်မာနိုင်ငံတဝှမ်းရှိ အခြေအနေများကို ဆက်လက်၍ သတင်းထုတ်လွှင့် တင်ဆက် နေဆဲ ဖြစ်သည်။
ထုတ်ဝေခွင့် ပိတ်သိမ်းခံထားရသည့် DVB နှင့် Mizzima တို့၏ ရုပ်သံလိုင်းများ လွှင့်နေသည့် ထိုင်း PSI စလောင်းများ ကိုလည်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက လူထုထံမှ လိုက်လံသိမ်းဆည်းခြင်းများ ပြုလုပ်ထားသည်။
စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း DVB သတင်းဌာနမှ ဖမ်းဆီးခံရသူ ၄ ဦးရှိပြီဖြစ်ကာ ၅ဦးကိုလည်း လူမှုကွန်ရက်များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်သည်ဟုဆိုကာ ၅၀၅-က ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်နေသည့် အရပ်သားများ၊ နိုင်ငံရေး သမားများကို ဖမ်းဆီးသည့် အပြင် သတင်းမီဒီယာဥပဒေနှင့်အညီ သတင်းရယူနေသည့် သတင်းထောက် များကိုလည်း သတင်းယူနေသည့် နေရာ၌ ဖမ်းဆီးခြင်း၊ နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်လျက် ရှိသည်။
ဖေဖော်ဝါရီ၁ ရက်မှ ယနေ့အထိ တနိုင်ငံလုံးတွင် စစ်တပ်နှင့်ရဲ၏ ဖမ်းဆီးခြင်းခံရသည့် သတင်းထောက် ဦးရေ ၇၀ ရှိပြီ ဖြစ်သည်။
ဖမ်းဆီးခံရသူ ဦးရေ ၇၀ အနက် ၃၀ ဦးမှာ ပြန်လည်လွတ်မြောက်လာသော်လည်း ကျန် ၄၀ ဦးမှာ အကျဉ်းထောင်များတွင် ချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီက အများပြည်သူအကျိုးပျက်စီးစေမှု ဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ -က ဖြင့် အမှုဖွင့် တရား စွဲဆိုထားသည့် သတင်းထောက်ဦးရေ ၄၀ ကျော်ရှိပြီး ထိုထဲမှ တဝက်ခန့်သည် အကျဉ်းထောင်များတွင် ဖမ်းဆီး ခံထားရပြီး ကျန် ၂၀ ခန့်သည် တိမ်းရှောင်နေသဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည်။
တည်ဆဲဥပဒေဖြစ်သည့် သတင်းမီဒီယာ ဥပဒေပါ ပြဌာန်းထားသည့် ပုဒ်မများအရ သတင်းသမားများသည် အများပြည်သူ ၏ သတင်းရပိုင်ခွင့်အတွက် သတင်းရယူပိုင်ခွင့်ရှိကြောင်း အတိအလင်း ဖော်ပြထားသည်။
သတင်းမီဒီယာ ဥပဒေ၏ အခန်း(၃) ၊ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ ၊ ပုဒ်မ ၄ တွင် သတင်းမီဒီယာသမား များသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ လွတ်လပ်စွာ ဝေဖန်၊ ထောက်ပြ၊ အကြံပြု ရေးသားခွင့် ရှိကြောင်း၊ နိုင်ငံသားတိုင်း သိသင့်သည့် သတင်းအချက် အလက်များ၊ သဘောထားအမြင်များကို ကျင့်ဝတ်နှင့်အညီ စုံစမ်းဖော်ထုတ် ရေးသားခွင့်၊ သတင်းထုတ်လွှင့်ခွင့် ရှိကြောင်း ပြဌာန်းထားသည်။
ပုဒ်မ ၇ တွင်လည်း သတင်းမီဒီယာသမားများသည် စစ်မက်ဖြစ်ပွားရာ ဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာ နေရာဒေသများတွင် သတင်းရယူနိုင်သည့်အပြင် သတင်းရယူနေစဉ် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတရပ်ရပ်က ဖမ်းဆီးခြင်း၊ သတင်းမှတ်တမ်းများကို ဖျက်ဆီးခြင်း၊ သိမ်းယူခြင်းတို့မှ ကင်းလွတ်စေရမည်ဟုလည်း ပြဌာန်းထားသည်။
သတင်းမီဒီယာ ဥပဒေသည် တည်ဆဲဥပဒေတရပ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ မတ်လက ပြည်ထောင်စု လွှတ်တော်တွင် ပြဌာန်းထားသည့် ဥပဒေတရပ် ဖြစ်သည်။
https://burma.irrawaddy.com/news/2021/04/26/241128.html
No comments:
Post a Comment