Monday, April 26, 2021
မြဝတီမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြလူငယ်တစ်ချို့ အကြမ်းဖက် ဖမ်းဆီးခံရ
 မြဝတီမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြလူငယ်တစ်ချို့ အကြမ်းဖက် ဖမ်းဆီးခံရ
April 27, 2021 166
ဧပြီ ၂၇ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ ဧပြီလ ၂၇ ရက် နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်တစ်ချို့ အကြမ်းဖက် ဖမ်းဆီးခံရကြောင်း သိရသည်။
ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် မြဝတီမြို့ အမှတ် ၂ ရပ်ကွက် ကျွန်းတောပတ်လမ်းတွင် လူငယ် ၅ ဦးမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ဆန္ဒဖော်ထုတ်နေစဉ် ရဲတပ်ဖွဲ့ ၊ စစ်တပ် နှင့် အရပ်ဝတ် လူတစ်စုမှ အရပ်ကားများဖြင့် ရောက်ရှိလာပြီး ဆန္ဒပြလူငယ်တစ်ချို့အား ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် အမှတ် ၂ ရပ်ကွက်နေ ပြည်သူတစ်ဦး က ပြောသည်။
ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ဖမ်းဆီးခံရသူများအား အခမဲ့ ဥပဒေအကူအညီ ပေးနေသော မြဝတီမြို့ ပြည်သူရှေ့နေများ အဖွဲ့မှ ရှေ့နေတစ်ဦးက “ဒီနေ့ ဆန္ဒပြမှုကြောင့် ဖမ်းဆီခံရတဲ့ လူငယ်တစ်ဦး နဲ့ လောလောဆယ် အဆက်အသွယ် ရထားတယ်။ ဒီမနက် ဘယ်နှစ်ယောက် ဖမ်းဆီးခံရလဲ ဆိုတာတော့ အတိအကျတော့ မသိသေးဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့တွင် ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ဖိနှိပ်ဖမ်းဆီးမှုများ ရှိခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူ ဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိပြီး ထိုထဲတွင် အချုပ်တွင်းမှ အမှုရင်ဆိုင်နေရသူ ၈၀ ဦး ခန့် ရှိနေသည်။
No comments:
Post a Comment