Thursday, April 29, 2021

မိုးမောက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ

 မိုးမောက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ

တိုက်လေယာဉ်များကို ကြည့်ရှုနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

37.8k

By ဧရာဝတီ 29 April 2021

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်တပ်ကြားစစ်ရေး တင်းမာနေပြီး စစ်တပ်က တိုက်လေယာဉ်များ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။


မိုးမောက်မြို့ပေါ်မှ ဖြတ်ပျံကာ မြို့သစ်၊ ကုန်းလော၊ ဆီဟက်ကျေးရွာများတဝိုက်ကို ဗုံးကြဲနေခြင်း ဖြစ်သည်။


မိုးမောက်မြို့နယ်မှ ဒေသခံ ဦးအောင်မိုင် က “နေ့လယ် ၁၂ နာရီဝန်းကျင်မှာပဲ တခေါက် လေယာဉ်နဲ့ လာကြဲသွားတယ်။ မိုး မောက် တပ်ကနေလည်း အဲဒီရွာတွေ တောတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ မိုးမောက်မြို့ပေါ်ကနေ တောင် အတိုင်းသားကို ကြားနေရပါတယ်” ဟု ပြောသည်။


မိုးမောက်မြို့နယ်တွင် ဧပြီ ၂၈ ရက်ကလည်း မနက် ၄ နာရီမှ နေ့လယ် ၁ နာရီထိ တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ပြီး ညနေ ၄ နာရီတွင် တကြိမ်၊ ည ၁၀ နာရီတွင်လည်း တကြိမ် ဗုံးကြဲထားသည်။


စစ်ရေးပဋိပက္ခကြောင့် မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့်ဦးရေ ပိုတိုး လာပြီး ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်အတွင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်း (KBC) ထံသို့ လာရောက် ခိုလှုံကြသည့် စစ်ဘေး ရှောင်ဒုက္ခသည်ဦးရေမှာ ၁၀၀ ခန့်တိုးလာသည်ဟု သိရသည်။


မိုးမောက်မြို့နယ် KBC မှ စစ်ဘေးရှောင်စခန်းများ၏ တာဝန်ခံက “တနေ့က ဒေတာနဲ့ ပြောရရင် ဒီမှာ ၁၅၃ အိမ်ထောင်စု ရှိပါတယ်။ ၁၅၃ မှာ လူဦးရေက ၆၃၂ ဦးရှိပါတယ်။ ဒီစာရင်းက မနေ့က ပြေးလာသူတွေနဲ့ ဒီနေ့ပြေးလာသူတွေ မပါသေး ပါဘူး။ ကျနော် ခန့်မှန်းချက်အရဆိုရင် မနေ့ကနဲ့ ဒီနေ့စာရင်းကို တွက်လိုက်ရင် အိမ်ခြေက ၁၆၀ လောက် ရှိသွားပြီ။ လူဦး ရေ ၇၀၀ ကျော် သွားပြီ။ မနက်ဖြန်မှာလည်း ထပ်ပြီး ရောက်လာဦးမယ့် သူတွေ ရှိနေပါတယ်” ဟု ပြောသည်။


ထိုစာရင်းမှာ မိုးမောက်မြို့နယ်၊ KBC ဘုရားကျောင်းဝင်းအတွင်းသို့ လာရောက်ခိုလှုံနေကြသူများ စာရင်းသာဖြစ်ပြီး မိုးမောက်မြို့ပေါ်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၊ ဗန်းမော်မြို့ပေါ်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေမှာလည်း ၁၀၀၀ ခန့်ရှိနေသည်။


ဘာသာရေး အဆောက်အဦးများထံသို့ လာရောက်ခိုလှုံခြင်း မရှိဘဲ နီးစပ်ရာ ကျေးရွာများနှင့် ဆွေမျိုးများထံတွင် ခိုလှုံ နေကြသူ ဦးရေမှာလည်း ၃၀၀၀ ဝန်းကျင် ရှိနေသည်။



အာဏာသိမ်း စစ်တပ်၏ တိုက်လေယာဉ်များ

မိုးမောက်မြို့နယ်တွင် ဧပြီ ၁၁ ရက် ည ၁၁ နာရီမှစ၍ စစ်တပ်နှင့် KIA ကြား စစ်ရေးတင်းမာနေရာ မြို့သစ်၊ ကုန်းလော၊ မြို့ဟောင်း၊ ဆီဟက်၊ နွယ်လန်း၊ အူထန်ယန်၊ နောင်ချို၊ ကျွန်းတော စသည့် ကျေးရွာပေါင်း ၁၀ ရွာကျော်မှာ နေရပ်ရင်း ရွာများကို ရွာလုံးကျွတ် စွန့်ခွာပြီး ထွက်ပြေးနေရသည်။


၂၀၂၀ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ ထိုရွာ ၁၀ ရွာကျော်တွင် မှီတင်း နေထိုင်သည့် လူဦးရေမှာ ၅၀၀၀ ကျော်ရှိသည်။


မိုးမောက်မြို့နယ်အတွင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားရခြင်းမှာ မြန်မာ-တရုတ် နယ်စပ်အနီးရှိ အရေးပါသည့် စစ်ဗျူဟာကုန်း အလော့ဘုမ်ကို KIA က သိမ်းယူရာမှ စတင်ခြင်း ဖြစ်သည်။


မတ် ၂၅ ရက် မနက်အစောပိုင်းတွင် KIA က အလော့ဘုမ်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းယူလိုက်ရာ စစ်တပ်က ဗျူဟာကုန်းကို ပြန်ရနိုင်ရေးအတွက် တိုက်ခိုက်လျက် ရှိသည်။


KIA သည် အလော့ဘုမ်ဗျူဟာကုန်းကို သိမ်းပြီးနောက် ဧပြီ ၁၁ ရက် ည ၁၁ နာရီဝန်းကျင်တွင် အလော့ဘုမ်ဗျူဟာကုန်း နယ်မြေနှင့် ဆက်စပ်နေသည့် မိုးမောက်မြို့နယ်တွင်းမှ တာပိန်ရဲကင်းစခန်း၊ စစ်တပ်၏ ဆက်သွယ်ရေး တာဝါတိုင် တည်ရှိ သည့် ခြေမြန်တပ်ရင်း ခမရ ၃၂၀ ၊ ၃၈၇ စခန်း တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။


ထိုသို့ KIA ဝင်တိုက်သည့် နေရာများသည် မြို့သစ်၊ကုန်းလော၊ ဆီဟက် စသည့် အရပ်သားများ နေထိုင်သည့် ကျေးရွာ များ၏ အနီးတဝိုက်တွင် တည်ရှိသဖြင့် နှစ်ဖက်ပစ်ခတ်ကြသည့် ကြားတွင် ကြားညှပ်သည့် အခြေအနေနှင့် ရင်ဆိုင်ရ သဖြင့် အရပ်သားများက မိုးမောက်နှင့် ဗန်းမော်မြို့ပေါ်သို့ ထွက်ပြေးကြခြင်း ဖြစ်သည်။


စစ်တပ်ဘက်က မိုးမောက်မြို့နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန်ခြင်း မရှိပါ။


မိုးမောက်မြို့နယ်တွင်း စစ်ရေးအခြေအနေနှင့် ပတ်သက်၍ KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “အခုလောလောဆယ်ဖြစ်နေတဲ့ တိုက်ပွဲတွေက အလော့ဘုမ်ကို သူတို့ပြန်ရဖို့ စစ်အင်အားတွေ တိုးပြီး တိုက်နေတာပါ။ ဒီလိုပဲ သုံးသပ်ပါတယ်။ သူတို့က အဲဒီဘက်မှာပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်”ဟု ပြောသည်။


ဗိုလ်မှူးကြီးနော်ဘူက မိုးမောက်မြို့နယ်၏ စစ်ရေးအခြေအနေကို ဧပြီ ၂၈ ရက်က ဖြေဆိုထားခြင်း ဖြစ်သည်။


အလော့ဘုမ်ဗျူဟာကုန်းသည် မြစ်ကြီးနား- ဗန်းမော် နယ်မြေတကြောကို စိုးမိုးနိုင်ရေးအတွက် အရေးပါပြီး KIA ၏ ဗဟိုဌာနချုပ် နယ်မြေ လိုင်ဇာမြို့ကို ဦးတည်သွားနိုင်သည့် လမ်းကြောင်းပေါ်တွင်လည်း တည်ရှိသဖြင့် ထိုနေရာကို လက်မလွှတ်ရစေရန် စစ်တပ်၏ တိုက်ခိုက်မှုများကို ခုခံသွားမည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။


ယနေ့အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် KIA ကို ဆက်သွယ်မရသဖြင့် သီးခြားမှတ်ချက် ရယူနိုင်ခြင်း မရှိပါ။


KIA သည် အပစ်အခတ်ရပ်စဲရေးစာချုပ် တစုံတရာချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။


၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှစ၍ ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ဆွေးနွေးခဲ့ရာ ထိုအချိန်မှစ၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီအထိ ကချင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခများ မဖြစ်စေရန် KIA သည် စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့် ခဲ့သည်။


စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အာဏာရှင်စနစ်ကို လက်မခံသည့် လူထုက ဆန္ဒပြကြရာ သွေးထွက် သံယို မဖြစ်စေရန် KIA က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စကားပါးခဲ့ရာ ပြေလည်ခြင်းမရှိခဲ့ပါ။


မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့ပေါ်၌ ဆန္ဒပြနေသည့် လူထုကိုပစ်ခတ်ဖြိုခွင်းရာ အမျိုးသား၂ ဦးသေဆုံးခဲ့ပြီး မတ် ၁၁ ရက်တွင် KIA က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်မျက်နှာစဖွင့်ကာ စစ်တပ်၏ တပ်စခန်းများ၊ ရဲကင်း စခန်းများကို တိုက်ခိုက်လျက်ရှိသည်။

https://burma.irrawaddy.com/news/2021/04/29/241277.html

No comments:

Post a Comment