မင်းတပ်မြို့က ဖမ်းဆီးခံထားရတဲ့ လူငယ် ၇ ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး
ဧပြီလ ၂၈
ချင်းပြည်နယ် မင်းတပ်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ NUG အစိုးရကို ထောက်ခံကြောင်း သပိတ်လုပ်ရင်း ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ခုနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧပြီလ ၂၇ ရက်နေ့ ည ၈ နာရီနောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ချင်းအမျိုးသားများ ကာကွယ်ရေးအင်အားစု (CDF) ရဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက မင်းတပ်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည့်သူ့ကာကွယ်ရေးအဖွဲ့တွေက လမ်းမှာပိတ်ဆို့ တားဆီးပြီးနောက် ဖမ်းဆီးခံထားရတဲ့ လူငယ်ခုနှစ်ဦးနဲ့ လဲလှယ်ဖို့ဆွေးနွေးရင်း သဘောတူညီမှုရပြီး လူငယ်တွေကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီလူငယ် ခုနှစ်ဦးဟာ ဧပြီလ ၂၄ ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် ပြန်လွှတ်မပေးတာကြောင့် အဲဒီညနေပိုင်းကစပြီး မင်းတပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။
မနေ့က ဧပြီလ ၂၇ ရက်နေ့ ညနေ ၃ နာရီအထိ မင်းတပ်မြို့မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေဖက်က တူမီးသေနတ်တွေနဲ့ ခုခံပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှု ရှိခဲ့သလို မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးလည်း မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ခုခံကာကွယ်ဖို့ ချင်းအမျိုးသား ကာကွယ်ရေး အင်အားစုအဖွဲ့ (CDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းတပ်) တို့ကိုလည်း ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
http://www.mizzimaburmese.com/article/79502
No comments:
Post a Comment