ဧပြီ ၁ ရက်ကနေ ၃၀ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်လို့ စစ်တပ်က ထုတ်ပြန်ထားချိန်မှာပဲ ကချင်ပြည်နယ်၊ ကားမိုင်းမြို့နယ်၊ လီဒိုလမ်းမကြီးပေါ် နေရာ နှစ်နေရာမှာ ဒီနေ့ တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ တစ်နေရာကတော့ ကားမိုင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ်အစပ်မှာ တပ်မတော်နဲ့ KIA အကြားတိုက်ပွဲဖြစ်ခဲ့သလို နောက်တစ်နေရာကတော့ ရှဒူဇွပ်ရွာအနီးက ယုဇနကုမ္ပဏီကို မီးရှို့သွားတာဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြထားပါတယ်။
ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်က နေရာအတော်များများမှာ တပ်မတော်နဲ့ ရဲစခန်းတွေကို KIA က တိုက်ခိုက်တာတွေ ရှိသလို တပ်မတော်က KIA စခန်းတွေကို လေကြောင်းက တိုက်ခိုက်တာတွေရှိခဲ့ပြီး စစ်ပွဲဟာ ပိုမိုကျယ်ပြန့်လာနေတာပါ။
ဒီကနေ့မှာလည်း ဖားကန့်မြို့နယ် ကားမိုင်းမြို့နယ်ခွဲနဲ့ မိုးကောင်းမြို့နယ်အစပ်က လီဒိုလမ်းမကြီးမှာ တည်ရှိတဲ့ ဒွမ်ဘုံးခရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံတစ်ဦးက ပြောပါတယ်။
“ အခုဖြစ်တာက ဖားကန့်မြို့နယ်အတွင်း ဒွမ်ဘုံးခ ကျေးရွာအနီးပေါ့။ ဒွမ်ဘုံးခကျေးရွာနဲ့ မရန်ကထောင်ကြားမှာ ဖြစ်တယ်။ တာဝါတိုင်နားမှာ။ အခု တိုက်ပွဲဖြစ်တဲ့နေရာက ရွာသူရွာသားတွေ လိမ္မော်ခြံတို့ စိုက်ပျိုးရေးခြံတို့ လုပ်စားတာ ရှိတယ်။ ဒါပေမဲ့ သူတို့လည်း ဘယ်သူမှ မရှိကြဘူးတဲ့။ ထွက်ပြေးသွားတာပေါ့ သူတို့က။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်လို့ ထွက်ပြေးသွားတဲ့အချိန်မှာ ဖြစ်ကြတာလို့ ပြောတာ။ မြစ်ကြီးနားကနေ တနိုင်းကို တက်တဲ့ကား၊ ဖားကန့်ကို တက်တဲ့ ကားတွေက ပြန်ခေါက်တယ်၊ ပြန်ခေါက်တယ်လို့ ကြားရတယ်။”
ဒီတိုက်ပွဲဖြစ်ပွားတာဟာနေ့ခင်း ၁၁နာရီလောက်ကနေ စတင်ဖြစ်ခဲ့ပြီး ၁နာရီကျော်ကျော်လောက် ကြာမြင့်ခဲ့ပြီး လမ်းပိတ်ထားတာကြောင်သွားရောက်ကြည့်ရှုနိုင်တာမရှိကြောင်းနဲ့ အထိအခိုက်လည်း မသိရသေးကြောင်း ဆက်ပြောပါတယ်။
ဒီကနေ့ မနက် အစောပိုင်းကလည်း လီဒိုလမ်းမပေါ်ရှိ ရှဒူဇွပ်ကျေးရွာအနီးက ယုဇနကုမ္ပဏီပိုင် အဆောက်အဦတချို့ကို KIAက မီးရှို့ခဲ့တယ်လို့ အခင်းဖြစ်ပွားရာအနီးက ဒေသခံတစ်ဦးက ပြောပါတယ်။
“ ယုဇနဝန်းထဲက အိမ်အသစ်၂လုံးကတော့ မီးရှိုခဲ့တယ်လို့ ကျနော်ကြားတယ်။ အထိခိုက် အသေအကျေကတော့ မရှိဘူး။ ၂နာရီခွဲ၊ ၂နာရီ ပတ်ဝန်းကျင်မှာဖြစ်ပြီးတော့ ခန့်မှန်းချေကတော့ ၃နာရီခွဲ့၊ ၄နာရီလောက်မှာ ပြန်သွားပြီ။”
ကချင်ပြည်နယ်က သတင်းမီဒီယာတွေမှာတော့ ယုဇနကုမ္ပဏီရဲ့ ဘက်ဟို၊ဘူဒိုဇာစတဲ့ စက်ယန္တရားတွေနဲ့ ပလောပီနန် စက်ရုံ မီးလောင်ပျက်ဆီးကြောင်း ရေးသားဖော်ပြထားပေမဲ့ VOA ကို ပြောပြတဲ့ ဒေသခံကတော့ မီးလောင်နေတဲ့အဆောက်အဦး ၂ခုကိုသာတွေ့ခဲ့ရကြောင်း ပြောပါတယ်။ ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ ယုဇနကုမ္ပဏီက ပလောပီနံစိုက်ပျိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဒေသခံတွေရဲ့ မြေယာတွေ အသိမ်းခံရတယ်ဆိုပြီး ကုမ္ပဏီနဲ့ ဒေသခံတွေအကြားမှာ မြေယာအငြင်းပွားမှုတွေ ဖြစ်ပွားနေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အတည်ပြု မေးမြန်းနိုင်ဖို့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကားမိုင်းမြို့နယ်ခွဲ လဝါးနဲ့ ဒွန်ဘန်ရွာအကြားမှာ မတ်လ ၃၀ ရက်နေ့ အင်္ဂါနေ့ ကလည်း တိုက်ပွဲ တစ်ကြိမ်ဖြစ်ခဲ့ပါတယ်။
မတ်လ ၃၁ရက်နေ့ကတော့ ကချင်ပြည်နယ်အတွင်း ရွှေကူမြို့နယ်က ရဲစခန်း၊ ပူတာအိုမြို့နယ်က တပ်စခန်း၊ မိုးညှင်းမြို့နယ်အတွင်း စစ်ယာဉ်တန်း စတာတွေကို KIA က တိုက်ခိုက်ခဲ့ကြောင်း နဲ့ ညနေပိုင်းမှာတော့ KIA တပ်မဟာ၈ ဌာနချုပ်ကို တပ်မတော်က လေယာဉ်နဲ့ တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောဆိုသလို ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြတာတွေ ရှိပါတယ်။
ဒီသတင်းတွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။ ဒီလ ၁၅ရက်နေ့ကလည်း ရှဒူဇွပ်ကျေးရွာအနီးမှာ ပြည်သူ့စစ်စခန်းကို KIA က ပစ်ခတ်တိုက်ခိုက်တာဖြစ်ခဲ့ပါတယ်။
လက်ရှိ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ တပ်မတော်က အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားချိန်မှာ ဖြစ်ပွားတာပါ။
မတ်လ ၃၁ ရက်နေ့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် အကောင်အထည်ဖော်ရေးနဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲကို ကိုဗစ်စည်းကမ်းနဲ့အညီ ကျင်းပနိုင်ရေးအတွက် တပ်မတော်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ဒီလ ၁ရက်နေ့ကနေ ၃၀ရက်နေ့ထိ ရပ်ဆိုင်းမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
https://burmese.voanews.com/a/kia-burmese-army-battle/5836668.html
No comments:
Post a Comment