Saturday, April 24, 2021

မတ္တရာမြို့နယ်တွင် ရွာကင်းသမား ၉ ဦး အဖမ်းခံရ

စစ်ကောင်စီ၏ လေကြောင်းအရံတပ်သားတို့က ကျေးရွာအတားအဆီးများကို မီးရှို့ကာ ရွာလုံခြုံရေး ညကင်းစောင့်နေသူ ၉ ဦးကို ဖမ်းဆီးသွားသည်

Published on Apr 24, 2021
ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းတွင် စစ်အာဏာရှင်စနစ် ကျဆုံးပါစေ ဆိုသည့်စာတန်း ရေးဆွဲထားသည်ကို ဖေဖော်ဝါရီ ၁၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)
ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းတွင် စစ်အာဏာရှင်စနစ် ကျဆုံးပါစေ ဆိုသည့်စာတန်း ရေးဆွဲထားသည်ကို ဖေဖော်ဝါရီ ၁၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

မန္တလေးတိုင်း၊ မတ္တရာမြို့နှင့် ၁၈ မိုင်ခန့်အကွာရှိ ဈေးဟောင်းကျေးရွာတွင် လုံခြုံရေး ညကင်းစောင့်နေသူ အမျိုးသား ၉ ဦး ယမန်နေ့ (ဧပြီ ၂၃) ည ၉ နာရီခန့်တွင် အဖမ်းခံရသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းကာကွယ်ရေးအရံတပ်သား ၃၀ ခန့်သည် ယမန်နေ့ညက ဈေးဟောင်းရွာ ထိပ်ရှိ ကာရံထားသော အတားအဆီးများကို မီးရှို့ဖျက်ဆီးကာ ရွာအတွင်း ဝင်ရောက်လာပြီး ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ရွာခံတစ်ဦးက Myanmar Now ကို ပြောသည်။

“သူပုန်တွေ ရွာထဲမှာ ပုန်းနေတယ်ဆိုပြီး သတင်းပေးလို့ လာတာလို့ ကြားတယ်။ အခုလည်း ရွာတွေကို လိုက်ပစ်နေလို့ ယောက်ျားလေးတွေရော၊ ကျွန်မတို့ရော အကုန်ပုန်းနေရတယ်”ဟု  ရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အဖမ်းခံရသူ ၉ ဦးအနက် ၎င်းအမျိုးသမီး၏ ဆွေမျိုးသားချင်းတစ်ဦးလည်း အဖမ်းခံထားရသည်။ 

ဈေးဟောင်းရွာသည် အာဏာသိမ်းစစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒပြပွဲများ ပြုလုပ်နေသောရွာလည်း ဖြစ်သည်။ 

အဖမ်းခံထားရသော ဈေးဟောင်းရွာသားများမှာ ကိုညီညီဇော် (၂၉ နှစ်)၊ ကိုငြိမ်းထက် (၃၆ နှစ်)၊ ကိုကျော်စွာမင်း (၂၉ နှစ်) ၊ ကိုဇော်မျိုးအောင် (၃၆ နှစ်)၊ ကိုဇော်မိုးလွင် (၃၀ နှစ်)၊ ကိုထွန်းဇော် (၃၇ နှစ်)၊ ဦးထွန်းဦး (၄၀ နှစ်)၊ ဦးစိုးလှိုင် (၅၀ နှစ်)  နှင့် ဦးတိုး (၄၀ နှစ်) တို့ ဖြစ်သည်။

လတ်တလောတွင် စစ်ကောင်စီတပ်က ဈေးဟောင်းရွာအဝင်တွင် တပ်စွဲထားကာ ဖြတ်သွားဖြတ်လာ ဒေသခံများကို စစ်ဆေးနေပြီး ရွာချင်းစပ်နေသည့် ဈေးသစ်ရွာ၊ သန်းကုန်းရွာများတွင်လည်း စစ်တပ်က လှည့်ပတ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဖမ်းဆီးထားသူများကို ရွာမှ  ၅  မိုင်ခန့် ဝေးသော စွယ်တော်ကြီးရဲကင်းစခန်းတွင် ချုပ်နှောင်ထားပြီး ထိုသူများ ပြန်လွတ်ရေးအတွက် မိသားစုဝင်များနှင့် ဒေသခံတချို့က သွားရောက်တွေ့ဆုံနေကြသည်ဟု ရွာခံများက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ က ရန်ကုန်၊ ရွှေပြည်သာမြို့နယ်တွင် ညကင်း စောင့်နေသော ကိုတင်ထွဋ်ဟိန်းသည် ရဲကားတစ်စီးနှင့် ရင်ဆိုင်ရစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။

စစ်ကောင်စီတပ်သည် မြို့ပေါ်ရှိ လူနေရပ်ကွက်များကိုသာမက ကျေးရွာများအထိပါ ပစ်ခတ်ခြိမ်းခြောက်မှုများ၊ ဖိနှိပ်မှုများ ပြုလုပ်လာနေသည်။ 

ထို့ကြောင့် ဈေးဟောင်းရွာသည် ရွာအဝင်ဝတွင် အတားအဆီးအကာရံများ ပြုလုပ်ထားကာ ညကင်းလုံခြုံရေး စောင့်နေကြခြင်းဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဧပြီ ၁၉ ရက်ကလည်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီရွာတွင် စစ်ကောင်စီတပ်က ကားသုံးစီး၊ အင်အား ၂၀ ခန့် ရောက်လာပြီး ရွာအတွင်းရှိ ကာရံထားသော အတားအဆီးများ မီးရှို့သွားခဲ့သည်။ 

https://myanmar-now.org/mm/news/6587 

No comments:

Post a Comment