Thursday, April 29, 2021

ကွေးနှင့် မိတ္ထီလာက လေတပ်စခန်းနှစ်ခု တိုက်ခိုက်ခံရ

မကွေးနှင့် မိတ္ထီလာက လေတပ်စခန်းနှစ်ခု တိုက်ခိုက်ခံရ 


ဧပြီ ၂၉


လေတပ်စခန်းနှစ်ခုကို မည်သည့်အဖွဲ့မှဖြစ်သည်ကို မသိရသော တိုက်ခိုက်ရေးသမားများက ကြာသပတေးနေ့တွင် တိုက်ခိုက်ရာ လေတပ်စခန်းတစ်ခု၌ ပေါက်ကွဲမှုများဖြစ်သည့် သတင်းနှင့် အခြား လေတပ်စခန်းတစ်ခု ဒုံးကျည်ပစ်ခတ်ခံရကြောင်းကို မီဒီယာနှင့် မျက်မြင်တစ်ဦးတို့က ပြောကြကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ 


ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းမှုကြောင့် ဖြစ်ပွားပေါ်ပေါက်သော သုံးလကြာ မငြိမ်သက်မှုများ ဖြစ်နေချိန် ယခု တိုက်ခိုက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။ ယခု တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မိမိတို့ လက်ချက်ဖြစ်သည်ဟု မည်သည့်အဖွဲ့ကမှ ထုတ်ပြန်လာခြင်း မရှိသေးသကဲ့သို့ အတည်ပြုချက် မရသေးကာ အသေအပျောက် သတင်းလည်း မသိရသေးပေ။ ထင်မြင်ချက်ပေးရန် ဖုန်းခေါ်ဆိုမှုများကို စစ်တပ်ပြောခွင့်ရသူတစ်ဦးက ပြန်လည်ဖြေကြားခြင်း မရှိပေ။ 


ဧပြီ ၂၉ ရက်တွင် ဖြစ်ပွားသည့် ပထမတိုက်ခိုက်မှုမှာ မကွေးမြို့အနီးရှိ လေတပ်စခန်းကို နံနက်ပိုင်း၌ ဖြစ်ပွားခြင်း ဖြစ်ပြီး ပေါက်ကွဲမှုများ ဖြစ်ကြောင်း Delta News Agency က ဖေ့ဘုတ်တွင် ဖော်ပြသည်။ 


နောက်ပိုင်းတွင် နိုင်ငံ၏ အဓိက လေတပ်စခန်းများမှ တစ်ခုဖြစ်သည့် မိတ္ထီလာရှိ လေတပ်စခန်းသို့ ဒုံးကျည် ငါးစင်း ပစ်ခတ်ခံရကြောင်း ဖြစ်ပွားချိန်တွင် လေတပ်စခန်းအနီး ရှိနေသူ သတင်းထောက် ကိုသန်းဝင်းလှိုင်က ဖေ့ဘုတ်ပို့စ်တွင် ရေးသားသည်။ 


ထိုပြင် ကောင်းကင်၌ ဒုံးကျည် ပျံသန်းသွားသည့် အသံဖြစ်ဟန်ရှိသော အသံနှင့်အတူ ပေါက်ကွဲမှုဖြစ်သည့် ဗီဒီယိုကလစ်ကိုလည်း ၎င်းက ဖေ့ဘုတ်ပို့စ်တင်ခဲ့သည်။ ရိုက်တာအနေဖြင့် အဆိုပါ ဗီဒီယိုကလစ်ကို မှန်ကန်ကြောင်း အတည်မပြုနိုင်ပေ။ 


နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေးကောက်ခံအစိုးရအား ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းချိန်မှစပြီး မြို့များတွင် ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိရာ စစ်တပ်က သေလောက်သော အင်အားဖြင့် ဖြိုခွင်းရာ လူပေါင်း ၇၅၀ ကျော် သေဆုံးကြောင်း တက်ကြွလှုပ်ရှားသည့်အဖွဲ့တစ်ရပ်အရ သိရသည်။ အသေအပျောက်နှုန်းကို ရိုက်တာအနေဖြင့် အတည်မပြုနိုင်ပေ။ 


အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား တိုက်ပွဲများလည်း ဖြစ်ပွားပေါ်ပေါက်ရာ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့သည်။ 

 http://www.mizzimaburmese.com/article/79519

No comments:

Post a Comment