မန္တလေးတွင် စစ်ကောင်စီလက်ချက်ဖြင့် ထမင်းကြော်ရောင်းသူအမျိုးသားတစ်ဦး သေဆုံး
အကြမ်းဖက်မှုများရပ်တန့်ရန် မြန်မာ့အရေး အာဆီယံထိပ်သီးအထူးအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က သဘောတူခဲ့သော်လည်း အရပ်သားပြည်သူများကို ဆက်လက်ပစ်ခတ်သတ်ဖြတ်နေဆဲဖြစ်သည်
Myanmar Now
Published on Apr 26, 2021
သေဆုံးသူ ဦးဇော်ရှိန်း၏ ရုပ်အလောင်းအား နေအိမ်သို့ ယနေ့ညတွင် ပြန်လည်သယ်ဆောင်လာစဉ်။ (ဓာတ်ပုံ - Supplied)
သေဆုံးသူ ဦးဇော်ရှိန်း၏ ရုပ်အလောင်းအား နေအိမ်သို့ ယနေ့ညတွင် ပြန်လည်သယ်ဆောင်လာစဉ်။ (ဓာတ်ပုံ - Supplied)
မန္တလေးမြို့တွင် ယနေ့ (ဧပြီ ၂၆) ည ၇ နာရီခန့်က အသက် ၄၀ ကျော်အရွယ် ထမင်းကြော်ရောင်းသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ပစ်သတ်ခဲ့သည်။
မန္တလေး၊ မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ စိန်ပန်းရပ် အထက ၂၄ ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က ပစ်ခတ်သံကြားသဖြင့် ထွက်ကြည့်ရာမှ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“သူတို့ (စစ်တပ်) တပ်စွဲထားတဲ့ စိန်ပန်း၂၄ ကျောင်းရှေ့က ပစ်သံတွေကြားရလို့ သူက ထွက်ကြည့်လိုက်တာ။ နောက်ကျောကို မှန်သွားတာ” ဟု ၎င်းက ပြောသည်။
သေဆုံးသူမှာ ဦးဇော်ရှိန်း (ခ) အီကြာကွေး(ခ) အီကွေး ဆိုသူဖြစ်ပြီး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ ထမင်းကြော်ရောင်းသူဖြစ်ကြောင်း သိရသည်။
“ရောက်လာကတည်းက အခြေအနေမကောင်းဘူး။ ဆုံးသွားပါပြီ။ နောက်ကျောကို မှန်တာ” ဟုလည်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် ဆရာဝန်က ပြောသည်။
အထက ၂၄ တွင် တပ်စွဲထားသည့် စစ်တပ်သည် ညစဉ် အနီးအနားရှိ လူနေရပ်ကွက်များအတွင်း ဝင်ရောက်ကာ ခြိမ်းခြောက်ပစ်ခတ်၊ ဖမ်းဆီးမှုများပြုလုပ်လျက်ရှိသည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။
“အခုထိလည်း ရပ်ကွက်တွေထဲ ဝင်ပစ်နေတုန်းပဲ ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
ယနေ့ညနေပိုင်းတွင်လည်း ဦးပွါးဂုံးကျော်ရှေ့ ရပ်ကွက်ရုံးရှေ့အရောက်တွင် ဟွန်းရှည်တီးသည့် ဆိုင်ကယ်စီးသူနှစ်ဦးကို ပစ်ခတ်ခဲ့ရာ တစ်ဦးမှာ ခြေထောက်ထိမှန်ပြီး တစ်ဦးမှာ လက်မောင်းကို ထိမှန်ခဲ့သည်ဟု သိရသည်။
“ခြေထောက်မှန်တဲ့သူက ဖမ်းခံလိုက်ရတယ်။ ဒဏ်ရာကြီးနဲ့ ဖမ်းသွားတာ၊။ တစ်ဦးကတော့ လက်မောင်းထိပြီး လွတ်တယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။
ဧပြီ ၁၄ နှင့် ၂၁ ရက် ညပိုင်းများကလည်း မန္တလေးမြို့ စိန်ပန်းရပ်ကွက်နှင့် လန်ဒန်ဝင်း လူနေရပ်ကွက်များအတွင်း စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့မှုများ ရှိခဲ့သည်။ ထိုသို့ပစ်ခတ်မှုများကြောင့် ဧပြီ ၂၁ ရက်က ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
နေ့စဉ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်များ အားကောင်းနေသည့် မန္တလေးမြို့တွင် စစ်တပ်က သပိတ်စစ်ကြောင်းများကို ဖြိုခွင်းဖမ်းဆီးရုံမျှမက နေ့ရောညပါ ရပ်ကွက်များအတွင်းထိ ဝင်ရောက်ဖမ်းဆီးပစ်ခတ်လျက်ရှိသည်။
https://myanmar-now.org/mm/news/6613
No comments:
Post a Comment