Monday, March 1, 2021

 

မြန်မာလူထုကို အကြမ်းဖက်သတ်ဖြတ်နေသည့်‌အပေါ် ကုလ အတွင်းရေးမှူးချုပ် ပြင်းထန်စွာ ရှုတ်ချ

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲက ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းနေတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်က  အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး  အသက်ဆုံးရှုံးမှုနဲ့   ပြင်းထန်ဒဏ်ရာရမှုတို့ မြင့်တက်လာတဲ့အတွက်  လွန်စွာ စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က   နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို  ရဲနှင့်စစ်တပ်က သေနတ်ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းခဲ့လို့  ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ထားဝယ် စတဲ့မြို့တွေမှာ ပြည်သူ အယောက် ၂၀ လောက်  ဦးသေဆုံးပြီး ရာနဲ့ချီဖမ်းဆီးခံရပြီးနောက် အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက  ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်တာပါ။ 

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းတာဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့လည်း  အတွင်းရေးမှူးချုပ်က ပြောပါတယ်။

စစ်တပ်အနေနဲ့ ရွေးကောက်ပွဲမှတစ်ဆင့် ဖော်ပြခဲ့တဲ့  မြန်မာပြည်သူပြည်သားတွေရဲ့ ဆန္ဒကို လေးစားလာအောင်နဲ့ ဖိနှိပ်မှုတွေ ရပ်တန့်လာအောင်  နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့  အတူအကွ စုပေါင်းကာ ရှင်းလင်းစွာ သတိပေးဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR)ကလည်း မြန်မာစစ်တပ်အနေနဲ့  ပြည်သူတွေအပေါ်  အင်အားသုံးတာ ချက်ချင်းရပ်ဖို့ ဆော်သြလိုက်ပါတယ်။

ပြည်လုံးကျွတ် ဆန္ဒပြပွဲအတွင်း လူထုကို ရဲနဲ့ စစ်တပ်က လူသေစေတဲ့အထိ အင်အားသုံးပြီး ကျည်အစစ်တွေနဲ့ ပစ်ခတ် နှိမ်နင်းလို့ ဆန္ဒပြသူ အယောက် ၃၀ ကျော်လောက်  ဒဏ်ရာရခဲ့တယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက် တွေကို ကိုးကားပြီး (OHCHR) က ပြောပါတယ်။

http://burmese.dvb.no/archives/447964

No comments:

Post a Comment