Tuesday, March 30, 2021

စစ်ကောင်စီတပ်၏ရန်ကို ရင်ဆိုင်ခြင်းမှတပါး ရွေးချယ်စရာလမ်းမရှိတော့ကြောင်း KNU ထုတ်ပြန်

 စစ်ကောင်စီတပ်၏ရန်ကို ရင်ဆိုင်ခြင်းမှတပါး ရွေးချယ်စရာလမ်းမရှိတော့ကြောင်း KNU ထုတ်ပြန်

March 31, 2021 1349


မတ်လ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ


၎င်းတို့နယ်မြေ၊ ကရင်လူထုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် အကြမ်းဖက် စစ်ကောင် စီတပ်၏ရန်ကို ရင်ဆိုင်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာလမ်းမရှိတော့ကြောင်း ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ ၅ က ယမန်နေ့ မတ်လ ၃၀ ရက်တွင် ကြေညာချက် ထုတ်ကာ ပြောဆိုလိုက်သည်။


“ယခုအချိန်တွင် မြန်မာတပ်မတော်၏ မြေပြင်တပ်များသည် အရပ်လေးမျက်နှာ အဖက်ဖက်မှ ကျွန်ုပ်တို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်ကျူးကျော်လာလျက်ရှိနေပြီဖြစ်သည်။ ဤအခြေအ နေကြောင့် ကျွန်ုပ်တို့ ပြည်သူထုထု၏ အသက်အိုးအိမ်လုံခြုံရေးအတွက် အလွန်စိုးရိမ်ပူပန်ရပါသည်။ ကျွန်ုပ်တို့၏ နယ်မြေ၊ ကရင်လူထုနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် တိုင်းပြည်အာဏာကို တရားမဝင်သိမ်းယူထားသော မြန်မာတပ်မတော်၏ရန်ကို ရင်ဆိုင်ခြင်းမှတစ်ပါး ကျွန်ုပ်တို့၏ အခြားရွေးချယ်စရာ လမ်းမရှိတော့ပါ”ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။


ပြီးခဲ့သည့် မတ်လ ၂၇ရက်နေ့က မူတြော်ခရိုင် သံလွင်မြစ်ကမ်းနံဘေးရှိ သီးမူထာ စစ်ကောင်စီ တပ်စခန်းကို ကေအဲန်ယူတပ်မဟာ ၅ တပ်ဖွဲ့မှ တက်ရောက်သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဘက်မှ ကေအဲန်ယူ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သောင်းနှင့်ချီသော ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရမှုအပေါ် ကေအဲန်ယူ တပ်မဟာ ၅ က ယခုလို ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်အပါအဝင် ၈ဦး သေဆုံးပြီး ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရသလို မူတြော်ခရိုင်တွင်းရှိ ဒေသခံ ပြည်သူ ၁၀,၀၀၀ ကျော်သည် အိုးအိမ် စွန့်ခွာပြီး နီးစပ်ရာတောတောင်များတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သံလွင်မြစ် ကမ်းနံဘေးတစ် လျှောက်ရှိ ဒေသခံရွာသား ၃,၀၀၀ ကျော်သည်လည်း သံလွင်မြစ်၏ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။


ထို့ကြောင့် တော်ဝင်ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာအဖွဲ့ အသိုင်းအဝိုင်းများ အနေဖြင့် မြန်မာ တပ်မတော်၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ကိုယ်လွတ်ရုန်းထွက်ပြေးတိမ်း ရှောင်နေရသည့် အဆိုပါ ပြည်သူထူထုများကို အကာကွယ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အထောက် အပံ့များပေးရန် အနူးညွှတ်တောင်းဆိုသည်ဟုလည်း ကေအဲန်ယူ မူတြော်ခရိုင်က ကြေညာချက်တွင် ဖော်ပြထားသည်။


ထို့အပြင် နိုင်ငံတကာအနေဖြင့်လည်း တိုင်းပြည်အာဏာကို မတရားသိမ်းယူထားသော မြန်မာ တပ်မ တော်အား အသိအမှတ်မပြုရန်နှင့် ၎င်းတို့နှင့် လုပ်ဆောင်နေသည့် စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ ရင်းနှီးဆက်ဆံမှုအားလုံးကို ရပ်တန့်ရန် တောင်းဆိုကြောင်း၊ လူသားမျိုးနွယ် အားလုံးကို ဆန့်ကျင် သောမြစ်မှုကို မြောက်စေသည့် ပြည်သူထူထုအပေါ် လက်နက်ဖြင့် ပစ်ခတ်တိုက်ခတ်မှုများကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာအသိုက်အဝန်းက ဖက်စစ်မြန်မာ့ တပ်မတော်ကို ဖိအားပေးရန် တောင်းဆိုသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်က တောင်းဆိုထားသည်။

http://kicnews.org/2021/03/%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%85%e1%80%ae%e1%80%90%e1%80%95%e1%80%b9%e1%81%8f%e1%80%9b%e1%80%94%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%9b%e1%80%84/

No comments:

Post a Comment