ပြည်ထောင်စုဝန်ကြီး(ဟောင်း) ဒေါက်တာဝင်းမြတ်အေးအား ဥပဒေနှင့်အညီ ထပ်မံအမှုဖွင့်အရေးယူ
နေပြည်တော် မတ် ၁ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ဟောင်း) ဒေါက်တာဝင်းမြတ်အေးသည် ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အရှိန်အဝါကို အသုံးပြု၍ ယင်းဝန်ကြီးဌာနနှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ ညွှန်ကြားခြင်းကြောင့် ဝန်ထမ်းများ တာဝန်ပျက်ကွက်မှု၊ ဆူပူဆန္ဒပြမှုများတွင် ပါဝင်စေမှုများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ရာရောက်သဖြင့် ၎င်းအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင်၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့်ထားရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီး(ဟောင်း) ဒေါက်တာ ဝင်းမြတ်အေးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သံသယရှိဖွယ် စာရင်းဇယားနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ရှင်းလင်းရန်ရှိသည်များ ရှင်းလင်းရန် ခေါ်ယူခြင်းကို လာရောက်ရှင်းလင်းရန် ပျက်ကွက်ခြင်း၊ ဝန်ကြီးဌာန၏ အထွေထွေပိုလျှံငွေအား အသုံးပြု၍ ဆောင်ရွက်ထားသော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ဆေးဝယ်ယူမှုနှင့်ပတ်သက်၍ ရှင်းလင်းရန်ခေါ်ယူခြင်းအား လာရောက်ရှင်းလင်းရန် ပျက်ကွက်ခြင်းတို့ကြောင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ယနေ့တွင် ထပ်မံအမှုဖွင့်ထားကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ ၎င်းနှင့်ပတ်သက်၍ သတင်းရရှိပါက နီးစပ်ရာရဲစခန်းများနှင့် နေပြည်တော် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ သတင်းပေးတိုင်တန်းရန် ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များသို့ သတင်းပေး တိုင်တန်းနိုင်ကြောင်းနှင့် လက်ခံထားသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
https://www.moi.gov.mm/news/11939
No comments:
Post a Comment