Monday, March 1, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော် မတ် ၁ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့တက်ရောက်ကြသည်။ အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူခဲ့သည်မှာ တစ်လရှိပြီဖြစ်ကြောင်း၊ စတင်တာဝန် ယူသည့် ပထမရက်သတ္တပတ်အတွင်း တည်ငြိမ်အေးချမ်းခဲ့သော်လည်း ဒုတိယအပတ်မှစတင်၍ ဆူပူမှု၊ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဆန္ဒပြမှုများမှာ ကိုဗစ်ကာလအကြပ်အတည်း ထိန်းချုပ်မှု၊ တစ်ခြားတစ်ဖက်ကလည်း ရွေးကောက်ပွဲ မဲမသမာမှုအပေါ် ယခုလိုဆောင်ရွက်ခြင်း ကြောင့် မခံမရပ်နိုင်သူများကြောင့် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုဖြစ်စဉ်များအားလုံးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြင့် အင်အားအနည်းဆုံးနှင့် အသက်သာဆုံးဖြစ်အောင် ထိန်းသိမ်း ဆောင်ရွက်နေကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံများ၏ ကိုင်တွယ်ဖြေရှင်းမှုထက် သက်ညှာစွာ ဆောင်ရွက်လျက်ရှိကြောင်း။ တာဝန်ပေးအပ်လို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ခန့်အပ်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ သက်တမ်းမှာလည်း ဥပဒေအရလဲလှယ်ရမည့်အချိန်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တာဝန်ပေးအပ်ရာတွင် လက်မခံသည့်လုပ်ရပ်မျိုးများ လုပ်ဆောင်နေကြသည် ကိုတွေ့ရကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်ပေးအပ်ရာတွင် အများကြည်ညို လေးစားခံရပြီး အတတ်နိုင်ဆုံး ပါတီနိုင်ငံရေး ကင်းရှင်းသူများကိုသာ တာဝန်ပေးအပ်လိုကြောင်း၊ ပါတီနိုင်ငံရေး အရောင်အသွေးမကင်းသည့်အတွက် ယခုလိုလက်မခံသည့် ဖြစ်စဉ်မျိုးများ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ကြိုက်နှစ်သက်သည်၊ မကြိုက်နှစ်သက်သည် ရှိနိုင်ကြောင်း၊ ဒီမိုကရေစီရင့်ကျက်သည့် နိုင်ငံများတွင် စည်းကမ်းဥပဒေနှင့်အညီ တာဝန်ပေးအပ်မှုကို လက်ခံကြကြောင်း၊ ရပ်ကွက်ကျေးရွာများနှင့် အနီးစပ်ဆုံးဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများသည် နိုင်ငံရေးအရောင်အသွေး ကင်းရှင်းရန်လိုအပ်ကြောင်း၊ ယင်းအတွက် စိစစ်ဆောင်ရွက်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ထားကြောင်း၊ စီးပွားရေးကဏ္ဍတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်း တိုးတက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကောင်စီအဆင့်ဆင့်အနေဖြင့် ဒေသအလိုက် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများသည် ကိုဗစ်ရောဂါဖြစ်ပွား ထိခိုက်မှုနည်းနိုင်ပြီး ငွေပြန်ရလွယ်ကူသည့် ရောင်းကုန်လုပ်ငန်း ဖြစ်သည့်အတွက် တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်း ကြိုးစား ဆောင်ရွက်ရေး အားပေးရန်လိုကြောင်း၊ နိုင်ငံရေး၊ လှုမှုရေးနှင့် စီးပွားရေးဦးတည်ချက်များလည်း ချမှတ်ပေးထားကြောင်း၊ လှုမှုရေး ဦးတည်ချက်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မာရေးဆိုသည့် ကျန်းမာရေး ဦးတည်ချက် ပါရှိကြောင်း၊ ကျန်းမာရေး အထောက်အကူဖြစ်စေရန်အတွက် တစ်နိုင်ငံလုံး အနေအထားဖြင့် ပြင်ပတွင်ကစားရသည့် အားကစားပွဲများကို ပြန်လည်ကျင်းပရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအားကစားတွင် မြန်မာ့သိုင်းအားကစားနည်းကို ထည့်သွင်းရန်လိုအပ်ကြောင်း၊ ယင်းအားကစားနည်းမှာ အပိုပစ္စည်းမလိုအပ်ဘဲ အားကစားပြုလုပ်နိုင်သည့် ကိုယ်ခံပညာ အားကစားနည်းဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ရိုးရာအားကစားနည်းများကိုလည်း အားပေးရန်လိုအပ်ကြောင်း။ CDM လှုပ်ရှားဆောင်ရွက်ထားသည့် ဝန်ထမ်းများကိုလည်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ထမ်းဆောင်မှုမရှိဘဲ အကြောင်းအမျိုးမျိုးပြ၍ လစာထုတ်နေကြသည်များကို တွေ့ရှိရကြောင်း၊ ဝန်ကြီးဌာနများအလိုက် စနစ်တကျစစ်ဆေး အရေးယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်မညီသည့် အကြောင်းအရာများနှင့် မိမိတို့နိုင်ငံ၏ယဉ်ကျေးမှုနှင့် မလျော်ညီစွာ ဝတ်စားဆင်ထားသည့် ဓာတ်ပုံများ အထူးသဖြင့်လူမှုကွန်ရက် မျက်နှာစာများတွင် အရှက်တရား၊ အကြောက်တရားမရှိ ဓာတ်ပုံများဖော်ပြနေမှုများရှိကြောင်း၊ ယင်းလုပ်ရပ်မှာ အများပြည်သူကို စိတ်ဓာတ်ပျက်စီးအောင် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း။ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ငွေကြေးသုံးစွဲမှုများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအချို့မှ စိစစ်တွေ့ရှိချက်များကို တင်ပြရာတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးသုံးစွဲရန် နိုင်ငံတော်ထည့်ဝင်ငွေနှင့် ပြည်သူလူထု လှူဒါန်းငွေများကို အခြားမသက်ဆိုင်သည့် နေရာများတွင် သုံးစွဲထားသည်ကို တွေ့ရကြောင်း၊ ယင်းသို့ သုံးစွဲမှုမှာ ဘီလီယံများစွာရှိကြောင်း၊ ငွေကြေးအလွဲသုံးစားပြုလုပ်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ စိစစ်ဖော်ထုတ်လျက်ရှိကြောင်း ပြောကြားသည်။ ရှင်းလင်းတင်ပြ ယင်းနောက် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ စောဒန်နီရယ်၊ ဦးစိုင်းလုံးဆိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့က အသင်းအဖွဲ့များသို့ ဥပဒေနှင့်မညီဘဲ နိုင်ငံခြားငွေများဝင်ရောက်နေမှုနှင့် ဆူပူဆန္ဒပြမှု ဖြစ်စဉ်များ နောက်ကွယ်မှ လူနှင့်ငွေကြေးပံ့ပိုးနေမှုများအား အရေးယူ ဆောင်ရွက်ရန်ကိစ္စ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအား ဥပဒေနှင့်မညီသည့်အတွက် အရေးယူဆောင်ရွက်ရန်နှင့် ပြည်ပအဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့နေသည့်ကိစ္စ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဲစာရင်းများအမြန်ဆုံး စစ်ဆေးထုတ်ပြန် သွားရေးကိစ္စ၊ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်ကိစ္စ၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ နိုင်ငံတကာသို့ တင်ပို့နိုင်ရေးကိစ္စ၊ နိုင်ငံတကာတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာသံတမန်များအား ပြန်လည်စိစစ်ရန်ကိစ္စ၊ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ရေးကိစ္စ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေများအား ပြင်ဆင်ဖြည့်စွက်ရေးကိစ္စ၊ လယ်ယာမြေသန်းခေါင်စာရင်း ကောက်ယူရေးကိစ္စ၊ ကျေးရွာ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရေးကိစ္စ၊ ဒေသခံ တောင်သူများ၏ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ ပြည်ပတွင်ဈေးနှုန်းမှန်ကန်စွာဖြင့် တင်ပို့ရောင်းချခွင့်ရရှိရေး ဆောင်ရွက်ပေးရန်ကိစ္စ၊ ပြီးခဲ့သည့်အစိုးရလက်ထက်က အဂတိလိုက်စားမှုများအား ဖော်ထုတ်အရေးယူရန်ကိစ္စ၊ ပြည်သူ့ဆေးရုံကြီးအချို့တွင် တာဝန်ရှိသူများက ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား ဥပဒေနှင့်မညီဘဲ ခွင့်ပေးနေသည့်ကိစ္စ၊ ဝန်ထမ်းများ CDM လှုပ်ရှားမှုများကို ပြည်တွင်း၌ ဦးဆောင်နေသူများနှင့် ပြည်ပမှအကြံပေးနေသူများအား ဖော်ထုတ်အရေးယူရန်ကိစ္စ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆူပူဆန္ဒပြမှုအခြေအနေနှင့် ဥပဒေမဲ့လုပ်ရပ်များလုပ်ဆောင်နေမှု အခြေအနေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ရွာအေးချမ်းသာယာပြီး တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ တိုက်ပွဲရှောင်ဒေသများတွင် မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် COVID-19 ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က အသင်း အဖွဲ့အချို့အား လုပ်ငန်းများလည်ပတ်နေမှုကို စည်းမျဉ်းစည်းကမ်းနှင့်ညီ၊ မညီ၊ ပြည်ပ အထောက် အပံ့နိုင်ငံခြားငွေတရားဝင်ခြင်း ရှိ၊မရှိ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင် ဆောင်ရွက်နေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုမှုကော်မတီကို အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ မဲမသမာမှုများနှင့်စပ်လျဉ်း၍လည်း အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ဆေးဆောင်ရွက်နေကြောင်း၊ ပြည်တွင်းခရီးသွား လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများနှင့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး ထုတ်ပြန်ထားသည့် COVID-19 ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေးပြီးဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုတွင်ပါဝင် ဆောင်ရွက်နေသည့် ဆရာဝန်ကြီးများ၊ ပါရဂူများနှင့် ဝန်ထမ်းများအား အရေးယူသွားရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ညွန်ကြားထားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာနှင့် စီးပွားရေး အထူးဇုန်များ၊ စက်မှုဇုန်များ တည်ဆောက်ရာ၌ စိုက်ပျိုးမြေများတွင်ဆောင်ရွက်ခြင်း မရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးမြေများအား အခြားနည်းလမ်းများဖြင့် အသုံးမပြုနိုင်စေရန် ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်တွန်းအားပေးဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။ အောင်မြင်မှုတစ်ခုပင်ဖြစ် မြန်မာ့အားကစားများအား စနစ်ကျပြီး အဆင့်မီသည့် အားကစားများဖြစ်စေရန် ကြိုးပမ်းအားထုတ်၍ အာဆီယံပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားပေးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရန်အတွက် နယ်စပ်ဂိတ် အားလုံးနီးပါးအား ဖွင့်လှစ်ခွင့်ပြုထားပေးပြီးဖြစ်ကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ပြီး အာမခံချက်ရှိသည့်လူမှုစီးပွားဘဝရရှိစေရန် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်စေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် သွေးထိုးဆောင်ရွက်နေသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး အငြိမ်းချမ်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း၊ မလေးရှားနိုင်ငံတွင်ရောက်ရှိပြီး ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား မိမိတို့နိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ၁၀၈၇ ဦးအား တပ်မတော်ရေယာဉ်များဖြင့် ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ကျန်ရှိသူများအား ဆက်လက် ခေါ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ပြည်ပနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းသည် မိမိတို့ကောင်စီ၏ အောင်မြင်မှု တစ်ခုပင် ဖြစ်ကြောင်း ပြောကြားသည်။

https://www.moi.gov.mm/news/11926

No comments:

Post a Comment