Monday, March 1, 2021

ဖားအံ ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသူများအနက် အသက်မပြည့်သေးသူ ၁၅ ဦး ပြန်လွှတ်ပေး

 ဖားအံ ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသူများအနက် အသက်မပြည့်သေးသူ ၁၅ ဦး ပြန်လွှတ်ပေး

March 1, 2021 868


မတ်လ ၁ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ


ကရင်ပြည်နယ် ဖားအံမြို့တွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၂၈ ရက်)က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာ တွင် ဖမ်းဆီးထိန်းသိမ်းခံရသူ ၈၀ ဦးကျော်အနက် အသက်မပြည့်သေးသည့် ကလေး ၁၅ ဦးကို ယနေ့ ညနေတွင် ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးလိုက်သည်။


အသက်မပြည့်သေးသည့် ကလေး ၁၅ ဦး ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်သူများကို ဆက်လက်ဖမ်းဆီးထိန်း သိမ်းထားဆဲဖြစ်ပြီး မည်သည့် ပုဒ်မဖြင့် ဆက်လက်တရားစွဲဆိုသွားမည်ကို မသိရသေးသည့်အတွက် လာမည့် မတ်လ ၁၀ ရက်နေ့ရုံးချိန်းမှသာ သိရှိရမည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများထံမှ သိရသည်။


ပြန်လွတ်မြောက်လာသူ ခိုင်ဖြိုးမောင်က“ဖားအံကမ်းနားမှာ မျက်ရည်ယိုဗုံးရှူမိတော့ ဘယ်လိုမှ ခံစားမနိုင်ဘူး၊ လမ်းကြားထဲကိုပြေးဝင်တဲ့အချိန်မှာ အရပ်ဝတ်နဲ့ ၂ ယောက်က လိုက်ဖမ်းတယ်။ အရပ်နဲ့ဆိုတော့ ခုခံလို့ရ တယ်ပြောတော့ ကျနော်က အဲဒီထဲကတစ်ယောက်ခြေထောက်ကို ပြန်ကန်တော့ သူတို့ ကျနော့်ကို ပြန်ထိုး တာ၊ ထိုးတော့ ကျနော်နှုတ်ခမ်းကွဲသွားတယ်။ အချုပ်ကားပေါ်ရောက်တော့ တံခါးပိတ်ပြီး ၂ ချက် ၃ချက် ကျနော့်ကိုပြန်ထပ်ထိုးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။


ယနေ့တွင် ဖမ်းဆီးခံရသူများ ပြန်လည်လွှတ်ပေးရေးအတွက် မိသားစုဝင်များမှ ဖားအံမြို့တရားရုံးသို့သွား၍ အိမ်ထောင်စုစာရင်း မိတ္တူများ ကြိုတင် တင်ထားခဲ့ရသည်ဟုလည်း ဖမ်းဆီးခံရသူ မိသားဝင်အချို့က ပြော သည်။


“ယမန်ယူတဲ့အဆင့်ပဲရှိသေးတယ်။ အမှုတွဲတွေ မတွေ့ရသေးဘူး။ လူများတော့ ရှေ့နေကိုယ်စား ၂ ယောက် က ပါဝါသွားယူပေးတာပဲ။ ကျမတို့ကတော့ဘေးမှာ ဝန်းရံပေးတာပဲ။ ကျမတို့ကတော့ တရားခံအခွင့်အရေး အပြည့်အဝရရှိအောင်တော့ လိုက်ပါဆောင်ရွက်ပေးသွားမှာဖြစ်တယ် ” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ရနောင်းက ပြောသည်။


အဆိုပါ ဖမ်းဆီးခံရသူများသည် ယနေ့ နေ့လည်တွင် တရားရုံးသို့ ယမန်ယူရန်ခေါ်ဆောင်လာပြီးနောက် ညနေ ၆နာရီခန့်တွင် တောင်ကလေးအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

http://kicnews.org/2021/03/%e1%80%96%e1%80%ac%e1%80%b8%e1%80%a1%e1%80%b6-%e1%80%86%e1%82%8f%e1%81%b5%e1%80%bb%e1%80%95%e1%80%99%e1%82%88%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%96%e1%80%99%e1%80%b9%e1%80%b8%e1%80%86%e1%80%ae/

No comments:

Post a Comment