မြစ်ကြီးနားမြို့တွင် ရမ်ပူသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းမှုတွင် တစ်ဦးသေဆုံး
NEWS
ရမ်ပူရပ်ကွက်တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေကြသည့် မြင်ကွင်းများ။
ရမ်ပူရပ်ကွက်တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေကြသည့် မြင်ကွင်းများ။
PUBLISHED 30 MARCH 2021 ထွန်းလင်းအောင် (မြစ်ကြီးနား)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့ (မတ် ၃၀ ရက်) တွင် ရမ်ပူသပိတ်စစ်ကြောင်း ဖြိုခွဲခံရသဖြင့် တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၁ နာရီခန့်က ရမ်ပူရပ်ကွက် ၊ နယ်မြေ ၁၄ ၊ ချမ်းမြေ့ဘုန်းကြီးကျောင်းအနီးမှ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ရပ်ကွက်အတွင်း လိုက်လံပစ်ခတ်ခဲ့သဖြင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး လူ နှစ်ဦး ကျည်ထိမှန်ခဲ့ကာ တစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း တွေ့မြင်ရသူတစ်ဦးက ဆိုသည်။
''ရင်ဘတ်ကျည်ထိပြီး နှလုံးနား ထိသွားတာ။ ဘုန်ကြီးကျောင်းနားက ရမ်ပူစျေးနားက လူက သေသွားတာ။ ကျွန်တော်တို့ သူအိမ်ကို ပို့ထားပြီးပြီ။ လက်မောင်းမှာ တစ်ယောက်၊ ခြေထောက် တစ်ယောက် ဒဏ်ရာရတယ်''ဟု တွေ့မြင်ရသူတစ်ဦးက ပြောကြားသည်။
ကျည်ထိမှန်၍ သေဆုံးသွားသူမှာ အသက် ၂၃ နှစ်အရွယ် ကိုမျိုးမင်းသူ ဖြစ်ပြီး ရမ်ပူရပ်ကွက်နေသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြစ်ကြီးနားမြို့ပေါ်၌ ဆန္ဒဖော်ထုတ်သူများက လမ်းပိတ်ကာ ဆန္ဒဖော်ထုတ်နေသည့် အခြေအနေဖြစ်ပြီး စီတာပူရပ်ကွက်ဘက်၌လည်း လမ်းပေါ်တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၇ ရက်မှစတင်ကာ မြို့နယ်အများစုတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်ဖြိုခွဲမှုများကြောင့် မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့၌ ကိုဖိုးလုံးနှင့် ဦးချိုတား၊ မတ်လ ၁၄ ရက်တွင် ဖားကန့်မြို့၌ ကိုကျော်လင်းထိုက်၊ မတ် ၂၅ ရက်တွင် မိုးညှင်းမြို့၌ ဦးဝင်းဆွေနှင့် ကိုစိုးနိုင်ထွန်း ၊ မတ် ၂၇ ရက်တွင် ဟိုပင်မြို့မှ ကိုဝင်းကျော်စိုး၊ ဖားကန့်မြို့မှ ကိုသန့်ဇော်နှင့် ဗန်းမော်မြို့မှ မရွှေမြင့်၊ မတ် ၃၀ ရက်တွင် ကိုမျိုးမင်းသူ အပါအဝင် စုစုပေါင်း ၉ ဦး သေနတ်ထိမှန် သေဆုံးခဲ့သည်။
https://news-eleven.com/article/206397
No comments:
Post a Comment