ယနေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းသည့်ရက်တွင် အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယနေ့ဒေသစံတော်ချိန် နံနက် ၇:၅၀ နာရီအချိန်တွင် လင်းခေးအခြေစိုက် အစိုးရတပ်မတော် အမှတ် (၉၉) ခြေလျင်တပ်ရင်း (ခလရ-၉၉) အင်အား (၃၅) ဦးခန့်သည် မိုင်းပန်မြို့နယ်တွင်းရှိ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းအား လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်များ နားမွန်အုပ်စု နောင်လေကျေးရွာအရှေ့တောင်ဘက်တွင် (၁၀) မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်မှ ရွာမြောက်ဘက်သို့ဦးတည်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
တိုက်ပွဲတွင်း နှစ်ဖက်တပ်များ၏ ထိခိုက်ကျဆုံးမှုကိုတော့ မသိရှိရသေးပါ။
မနေ့က ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း အဆိုပါ အမှတ် (၉၉) ခြေလျင်တပ်ရင်းသည် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့၏ လှုပ်ရှားရာနယ်မြေတွင်းသို့ ဝင်ရောက်လှုပ်ရှားမှုကြောင့် နှစ်ဖက်တပ်များ မိုင်းပန်မြို့နယ် နားမွန်အုပ်စု နောင်လေကျေးရွာအနီးတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
အစိုးရတပ်မတော်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့ ၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့သည်။
Taifreedom
https://bur.taifreedom.com/2021/02/01/%e1%80%9a%e1%80%94%e1%80%b1%e1%80%b7%e1%80%85%e1%80%85%e1%80%ba%e1%80%90%e1%80%95%e1%80%ba%e1%80%a1%e1%80%ac%e1%80%8f%e1%80%ac%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%9e%e1%80%8a%e1%80%b7/
No comments:
Post a Comment