Saturday, February 27, 2021

 

မြိတ်မြို့တွင် ရဲနှင့်စစ်တပ်ပေါင်းပြီး ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲ

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဒီနေ့မနက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို ရဲနဲ့ စစ်တပ် ပူးပေါင်းပြီး အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ တောင်းဆိုချီတက်နေတဲ့ ပြည်သူတွေကို ရဲကားနဲ့ စစ်ကားတွေ ရောက်လာပြီး လူစုလူဝေးဖြိုခွင်းမှု အဆင့်ဆင့်တိုင်း ဆောင်ရွက်တာမျိုး မရှိခဲ့ဘဲ အကြမ်းဖက်ဝင်ရောက် ရိုက်နှက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် လူစုကွဲသွားပြီးတဲ့နောက် နေအိမ်တွေထဲကနေ အားပေးနေသူတွေကိုပါ ဝင်ရောက် ရိုက်နှက်မှုတွေရှိခဲ့သလို လမ်းသွားလမ်းလာ တချို့ကိုလည်း ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားမှုတွေ ရှိခဲ့ပါတယ်။

အခုလို အကြမ်းဖက်နှိမ်နှင်းမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး သပိတ်စစ်ကြောင်းကို ဖြိုခွင်းတဲ့ ရည်ရွယ်ချက်မျိုး မဟုတ်တော့ပဲ လမ်းသွားလမ်းလာတွေအားလုံးကိုပါ ရိုက်နှက်ဖမ်းဆီးတဲ့အတွက် မြိတ်မြို့ပြည်သူတွေအနေနဲ့လည်း စိုးရိမ်နေကြရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သပိတ်စစ်ကြောင်း စတင်ထွက်ခွာတဲ့ မြိတ်မြို့ ရေကန်ဘောင်အနီးမှာ ရပ်နားထားခဲ့တဲ့ ဆိုင်ကယ်တွေအားလုံးကိုလည်း စစ်ကားတွေနဲ့ လာရောက် ယူဆောင်သွားကြပါတယ်။ 

ဒီနေ့ ဖြိုခွင်းခံရတဲ့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေနဲ့ အားပေးဝန်းရံသူတွေ ဘေးနားက ရပ်ကြည့်နေသူအချို့ ဖမ်းဆီးခံခဲ့ရတာရှိပြီး အရေအတွက် အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ကာ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရနိုင်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အောင်ကျော်

http://burmese.dvb.no/archives/447293

No comments:

Post a Comment