Monday, January 4, 2021

ကျောက်မဲနှင့် သီပေါမြို့နယ်အတွင်း RCSS/SSA နှင့် PSLF/TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှု အမြန်ဆုံးရပ်တန့်ရေး ညှိနှိုင်းဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်နှင့် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

 ကျောက်မဲနှင့် သီပေါမြို့နယ်အတွင်း RCSS/SSA နှင့် PSLF/TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှု အမြန်ဆုံးရပ်တန့်ရေး ညှိနှိုင်းဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်နှင့် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

စစ်ဘေးရှောင်ရန် ကျောက်မဲမြို့သို့ လာရောက်သူများကို ဒီဇင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ- အိုမ်တမာဝ်းလူမှုကူညီရေးအသင်း)
စစ်ဘေးရှောင်ရန် ကျောက်မဲမြို့သို့ လာရောက်သူများကို ဒီဇင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ- အိုမ်တမာဝ်းလူမှုကူညီရေးအသင်း)
PUBLISHED 4 JANUARY 2021
 
ပြည့်စုံ

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့အတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PSLF/TNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပေါ်နေမှုအား အမြန်ဆုံးရပ်တန့်ရေး ညှိနှိုင်းဆွေးနွေးကြရန်နှင့် စစ်ဘေးရှောင် ၁၀၀၀ ကျော် နေရပ်ပြန်နိုင်ရေးအတွက် ၀ိုင်းဝန်းကူညီပေးကြရန် အရပ်ဘက်အဖွဲ့အစည်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်း တောင်းဆိုခဲ့သည်။

RCSS/SSA နှင့် PSLF/TNLA တို့အကြား တပ်များ အင်အားဖြည့်တင်းနေပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်နှင့် ပတ်သက်၍ လူမျိုးစု နှစ်ခုစလုံးက တည်ရှိနေမှုကို အပြန်အလှန် အသိအမှတ်ပြုပြီး ယခင် ဘိုးဘေးဘီဘင် လက်ထက်ကပုံစံမျိုး အတူတကွ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ကျောက်မဲမြို့ အမှတ် (၂) ပြည်နယ်လွှတ်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က တိုက်တွန်းခဲ့သည်။

“ကျွန်တော်တို့ ဟိုးအရင် ပင်လုံမတိုင်ခင်တည်းကိုက ပလောင်တိုင်းရင်းသားနဲ့ ရှမ်းတိုင်းရင်းသားတွေဟာ အတူတကွ နေထိုင်ခဲ့တာလည်း ရှိတာပဲ။ ဒီလောက်ထိကို သွေးစည်းညီညွတ်ခဲ့တာ တောင်ပေါ်ဒေသမှာ၊ အခုနောက်ပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် အမြင်စောင်းပြီးတော့ နယ်မြေလုပုံစံနဲ့ တိုက်ကြခိုက်ကြတာကိုး။ အဓိက အရေးကြီးတာက ကျွန်တော်တို့  ရှမ်းပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေ အားလုံးက ကျွန်တော်တို့ အခုအချိန်မှာ အပြန်အလှန်တည်ရှိနေမှု အသိအမှတ်ပြုဖို့ လိုပါတယ်။ ကျွန်တော်တို့မှာလည်း ရွေးချယ်စရာ လမ်းကမရှိဘူးဗျ။ ဆိုလိုရင်းက ရှမ်းပြည်နယ်မှာ ရှမ်းလည်းနေမယ်၊ ပလောင်လည်းနေမယ် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်တာလွဲပြီးတော့ ရွေးချယ်စရာလမ်းမှ မရှိတာ။ ဒီလမ်းကြောင်း မဟုတ်ဘဲနဲ့ အခြားလမ်းကြောင်း စဉ်းစားလာမယ်ဆိုလို့ရှိရင် ပဋိပက္ခတွေ ဖြစ်လာရတာပဲလေ။ ဒါကြောင့်မို့ စိတ်ရင်းထဲမှာ အပြန်အလှန်တည်ရှိမှုကို အသိအမှတ်ပြုဖို့လိုတယ်။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်တာ လွဲပြီးတော့မှ အခြားနည်းလမ်းတွေ မဖြစ်နိုင်တဲ့အလုပ်တွေကို မစဉ်းစားဖို့လည်းလိုတယ်။ ပင်လုံစာချုပ် ချုပ်ဆိုစဉ်ကတည်းက ရှမ်းနဲ့ပလောင် ဘယ်လောက်အထိ သွေးစည်းညီညွတ်ခဲ့တာဆိုတာ အားလုံးသိပြီး ကျွန်တော်တို့ မှတ်တမ်းတင်ခဲ့တာပဲ။ တစ်ချိန်ချိန်ကျရင် ဒီလမ်းကြောင်းပဲ ဖြစ်သွားမှာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ တည်ရှိနေမှုကို အသိအမှတ်ပြုဖို့ လိုတယ်။ အတူတကွ အေးချမ်းစွာ နေထိုင်လိုတယ်။ အဲဒီလမ်းကြောင်းကို စဉ်းစားပြီးတော့မှ လုပ်ဆောင်စေချင်ပါတယ်”ဟု ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ပြောကြားသည်။

ထို့အတူ ပြည်သူများအတွက် လက်နက်ကိုင်ပြီး တိုက်ပွဲများ တိုက်နေရသည်ဆိုလျှင် ပြည်သူများ၏ စစ်ဘေးဒုက္ခကို ငဲ့ညှာသင့်ကြောင်းနှင့် အဆိုပါဒေသတွင် လှုပ်ရှားနေသည့် နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် စစ်ဘေးရှောင်များကို ၎င်းတို့ ကျေးရွာများကို အမြန်ဆုံးပြန်နိုင်အောင် တာဝန်ယူမှု တာဝန်ခံမှုဖြင့် ကြေညာချက် ထုတ်ပြန်ပေးစေလိုကြောင်း ရှမ်းပြည်နယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေး ကော်မတီက ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးက ပြောကြားသည်။

“ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေကို နှစ်ဖက် လက်နက်ကိုင်တွေအနေနဲ့က စစ်ရေးတင်းမာနေတဲ့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြည်သူအတွက် တိုက်နေပါတယ်ဆိုရင် ဒီပြည်သူလူထုရဲ့ ဒုက္ခကို ထောက်ရှု ငဲ့ညှာသောအားဖြင့် သူတို့က ကြေညာချက် တစ်စောင်တော့ ထုတ်ပေးသင့်တယ်။ ဘယ်လိုကြေညာချက်မျိုး ထုတ်ပေးသင့်သလဲလို့ ကျွန်တော်တို့ ကော်မတီအနေနဲ့ ပြောရရင်တော့ သူတို့ရဲ့နေရပ်ကျေးရွာတွေကို အေးချမ်းစွာနဲ့ ပြန်လည်သွားရောက်နိုင်ဖို့ ၊ သူတို့ရဲ့ စစ်ရေးပဋိပက္ခကို အဲဒီဒေသကို ကွင်းပြီးတော့မှ စစ်မဲ့ဇုန်ပုံစံမျိုး လောလောဆယ်မှာ သတ်မှတ်ပေးပြီးတော့ စစ်ရှောင်တွေ ပြန်လာနိုင်ဖို့ ကြေညာချက်တွေ ထုတ်ပေးစေချင်တယ်။ ကျွန်တော်တို့ ကော်မတီအနေနဲ့က ပြောကြားလိုတာပေါ့” ဟု ရှမ်းပြည်နယ် ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးက ပြောကြားသည်။

“လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ အဓိက စဉ်းစားဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုနဲ့ ကျွန်တော်တို့ကိုယ်၌က လက်နက်မရှိဘူးလေ။ ကျွန်တော်တို့ ရှိတဲ့အားက ဘာလဲဆိုတော့ စေတနာ ခွန်အားလေးပေါ့။ ဒါလေးနဲ့ပဲ ကူညီနေရတာ ဖြစ်တယ်။ အကယ်၍ ကျွန်တော်တို့လို နေရာအသီးသီးမှာ စစ်ဘေးရှောင် စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးမယ့်သူ တစ်ယောက်မှ မရှိရင် အခုလို ကြီးကြီးမားမား ဖြစ်နေကြတဲ့ဒေသတွေမှာ ဘယ်လိုအသက်ရှင် ရပ်တည်ကြမလဲ။ အကူအညီတွေ မဲ့နေကြမှာ။ ဒါကြောင့်ပြောချင်တာကတော့  ကျွန်တော်တို့ပြောချင်တာက ချမ်းသာလို့ ကူညီတာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အခြေအနေအရ ခေတ်ကာလအရ ပေါ်ပေါက်လာတဲ့ စစ်ရှောင်တွေကိစ္စက ရှေးယခင်တည်းက ကျွန်‌တော်တို့ တိုင်းပြည်မှာ လွတ်လပ်ရေးရပြီးတည်းက ဒေသတွင်းတွေမှာ တိုက်ပွဲတွေ ရှိနေတာပဲလေ။ ဖြစ်လိုက်တာနဲ့ လူက နာကျင်တာပဲ၊ ပင်ပန်းတာပဲ၊ ဒါကြောင့် မဖြစ်ပါနဲ့ ရပ်ကြပါ၊ ညှိနှိုင်းကြပါ၊ ဆွေးနွေးကြပါ၊အကြံပေးချင်သလို မတတ်သာလို့ ဖြစ်မယ်ဆိုရင်လည်း ကျေးရွာလူထု မထိခိုက်အောင် ခပ်ဝေးဝေး ခပ်လှမ်းလှမ်းပေါ့ အဲဒီလိုနေရာမျိုးမှာ သွားပြီး ဖြစ်ကြစေချင်တယ်။ တိုင်းရင်းသားတွေ ခံစားနေရတဲ့ စစ်ဘေးဒုက္ခကို စာနာနားလည်ပေးပါ” ဟု ကျောက်မဲ စစ်ဘေးရှောင်ကူညီရေးကော်မတီမှ ဦးတင်မောင်သိန်းက ပြောကြားသည်။

RCSS/SSA နှင့် PSLF/TNLA တို့ ပြီးခဲ့သည့်  ဒီဇင်ဘာ ၂၅ ရက် ကတည်းက လွယ်အံကျေးရွာ အုပ်စုအတွင်း၌ တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး အဆိုပါ နှစ်ဖက်တပ်များ ဆက်လက်တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်မှုကြောင့်  လွယ်အံကျေးရွာအုပ်စု လွယ်အံတင်း၊ ကောင်းခါး၊ ခုံငင်း၊ မန်စပ်၊ ပန်လော့နှင့် ပန်မခံကျေးရွာများ စုစုပေါင်း ခုနစ်ရွာမှ ဒေသခံ ၁၀၀၀ ကျော်မှာ စစ်ဘေးလွတ်ရန် ကျောက်မဲမြို့နယ်ရှိ  ၀ါဆိုကျောင်းတိုက်၊ အောင်မင်္ဂလာ ကျောင်းတိုက်၊ ပိန္နဲကုန်း စာသင်ကျောင်းနှင့် သန္တိသုခဓမ္မာရုံတို့တွင် လာရောက် ခိုလှုံနေရကာ ၎င်းကျေးရွာသားများ နေရပ်ပြန်နိုင်‌ရေးအတွက် ကြားခံအဖွဲ့အစည်းတစ်ခုခုက ကြား ဝင်စေ့စပ် ပေးစေလိုကြောင်း အိုမ်တမာဝ်း လူမှုကူညီရေးအသင်း ပြန်ကြားရေးမှူး ကိုစံမိုင်းက ပြောကြားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် နမ္မတူ-လားရှိုးလမ်းမပေါ် ပန်ချင်၊ လုပ်လေရွာအနီးတွင် ဇန်နဝါရီ ၂ ရက် ညနေ ၅ နာရီ ခန့်က RCSS/SSA နှင့် PSLF/TNLA တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီး ၄၄ ဦးနှင့် အမျိုးသား ၂၄ ဦး စုစုပေါင်း ၆၈ ဦးတို့သည် မန်စံရွာဘုန်းကြီး‌ကျောင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဒီဇင်ဘာလအတွင်း RCSS/SSA နှင့် PSLF/TNLA တို့အကြား တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ထိတွေ့တိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

https://news-eleven.com/article/201348

No comments:

Post a Comment