ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပစ်မရပ်အဖွဲ့များပါဝင်ရေး ပုံစံအသစ်ဖြင့်ချဉ်းကပ်ရန် အစိုးရပြင်ဆင်
- အောင်ထိန်
- နေပြည်တော်

အောင်ထိန် | DMG
ဇန်နဝါရီ ၂ ၊ စစ်တွေ
လာမည့် အစိုးရသစ်သက်တမ်း ငါးနှစ်တာကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အပစ်အခက်ရပ်စဲထားခြင်း မရှိသည့် လက်နက်ကိုင်အဖွဲ့များပါဝင်လာရေး ပုံစံအသစ်ဖြင့်ချဉ်းကပ်ရန် ပြင်ဆင်ထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က ပြောကြားသည်။
ဇန်နဝါရီလ ၁ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှှစ်သစ်ကူးမိန့်ခွန်းပြောကြားရာ၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်မထိုးရသေးသော လက်နက်ကိုင် အဖွဲ့များနှင့်ပတ်သက်ပြီး ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ချဉ်းကပ်မှုကို “၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ်”ဟု အမည်ပေးထားပြီး ယင်းကိစ္စရပ်ကို အရှိန်အဟုန်ဖြင့်ဖော်ဆောင်သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က ပြောသည်။
“ပင်လုံစာချုပ်လက်မှတ်ရေးထိုးမှုနှစ်ပေါင်း ၇၅ နှစ်မြောက်မယ့် စိန်ရတုနှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှ ပြည်ထောင်စု ပန်းတိုင်ကို အတူတကွ ဆက်ပြီးလျှောက်လှမ်းသွားမယ့်လမ်းကြောင်းတွေ ခိုင်ခိုင်မာမာ ထင်ထင်ရှားရှား လှမ်းမြင်နေရတဲ့ အားတက်ဖွယ်ရာ အခြေအနေတစ်ရပ်ကိုရောက်ရှိလာဖို့ ရည်မှန်းထားပြီး ၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ်နဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အစိုးရအနေဖြင့် ပြီးခဲ့သည် ငါးနှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သွက်လက်မှု မရှိသကဲ့သို့ နှေးကွေးမှုများရှိခဲ့ကြောင်း ဝံလက်ဖောင်းဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ထောက်ပြသည်။
“နေပြည်တော်အဆင့်၊ ပြည်ထောင်စုအဆင့် ပင်လုံညီလာခံကျင်းပတဲ့အခါလည်း စီမံမှုအားနည်းတာတွေ ကိုလည်းတွေ့ရတယ်။ နောက်ပြည်နယ်နဲ့ တိုင်းအဆင့်တွေမှာလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ လွတ်လပ်စွာ လုပ်ခွင့်မရှိ၊ ခွင့်မပြုတာတွေကိုကြုံရတယ်။ အဲဒါတွေက အစိုးရရဲ့စီမံမှု အားနည်းတာတွေလို့ ထောက်ပြ ချင်တယ်” ဟု ဦးခိုင်ကောင်းစံက ဆိုသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်သည့်အချိန်တွင် အမှန်တကယ် နှလုံးသားဖြင့် အလုပ်လုပ်ရန်လိုအပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်တို့ ဆွေးနွေးသည့်အချိန်တွင်လည်း အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်သည့်လူဖြင့် ကျစ်လျစ်သောကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန်လိုအပ်ပြီး ယင်းသို့ဖွဲ့စည်းရာတွင်လည်း တိုင်းရင်းသားများပါဝင်ရန်လိုအပ်ကြောင်း ၎င်းကဆက်၍ ပြောသည်။
လာမည့် အစိုးရသက်တမ်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာ၌ တိုင်းရင်းသားများနှင့် ယုံကြည်မှု တည်ဆောက်ရန်အရေးကြီးကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။
“ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင် နံပါတ်တစ် ယုံကြည်မှုတည်ဆောက်ဖို့အရေးကြီးတယ်။ ယုံကြည်မှုမရှိဘဲ ငြိမ်းချမ်းရေးဖက်ကို ဦးမတည်နိုင်ဘူး။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုအသစ်လုပ်မယ့်အရာထက် တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့အရေးကြီးတယ်။ အစိုးရသစ်မှာ တိုင်းရင်းသားတွေနဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်တဲ့စာမှာတောင် တိုင်းရင်းသားလူမျိုးတိုင်းမပါဘူး။ ဒါဟာယုံကြည်မှုဆိုတာကို ပြတာဘဲ” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ လက်ရှိတွင် (၂)နှစ် အထိ ကြာမြင့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည် စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၉ သောင်းကျော်အထိရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တပ်မတော် အရာရှိများဦးဆောင်သော ကော်မတီတစ်ရပ်ကို သီးခြားဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာလ ၉ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပြီး လက်ရှိတွင် ရက္ခိုင့်တပ်တော်နှင့် ဆွေးနွေးမှုများကို ယင်းအဖွဲ့က အဓိကဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် ၂၀၂၀ ရွေးကောက်ပွဲကျင်းပခဲ့ပြီဖြစ်ကာ မကြာမီအစိုးရသစ်ကို ဖွဲ့စည်းမည်ဖြစ်သဖြင့် အစိုးရသစ်လက်ထက်မှာ နေရပ်ပြန်နိုင်ရန်အတွက် စစ်ဘေးရှောင်များက မျှော်လင့်နေကြသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်လျက်ရှိပြီး တပ်မတော်နှင့် AA တို့အကြား တွေ့ဆုံ ဆွေးနွေးမှုများမှတစ်ဆင့် AA ဖမ်းဆီးထားသည့် NLD ပါတီဝင်သုံးဦးအပါအဝင် တပ်မတော်သားသုံးဦး ပြန်လည်လွတ်မြောက်လာခဲ့သည်။
သို့သော်လည်း ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးဖြစ်ပေါ်လာစေရေးအတွက် အစိုးရ၊ တပ်မတော်နှင့် AA တို့အကြား သုံးပွင့်ဆိုင်ဆွေးနွေးပွဲများပြုလုပ်ရန် အရေးကြီးကြောင်း စစ်ရေးနှင့်နိုင်ငံရေး လေ့လာသူများက ထောက်ပြပြောဆိုနေကြသည်။
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/peace-n-govt.html
No comments:
Post a Comment