Monday, January 4, 2021

ကျောက်တော်မှာ မြေမြုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

 မြန်မာဌာန | သတင်းများ

ကျောက်တော်မှာ မြေမြုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

မင်းသိန်းအောင်

2021-01-05

Email storyComment on this storySharePrint story

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်

ကျောက်တော်မှာ မြေမြုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

မြေမြှုပ်မိုင်းကြောင့် ခြေအတုတပ်ထားသူတစ်ဦးကို တွေ့ရစဉ်

 Photo: RFA

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအုပ်စု အောက်ခပေါ်ကျေးရွာက အမျိုးသမီးတစ်ဦး မနေ့ကမိုင်းနင်းမိလို့ ဒဏ်ရာအပြင်းအထန်ရရှိပြီး ဒီနေ့မနက်က စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ထား ရပါတယ်။

 

မနေ့ကမနက် ၉ နာရီကျော်လောက်မှာ ရွာအနောက်ဘက်က မိနစ် ၂၀ ခန့်ဝေးတဲ့ တောင်မှာ သူ့ရဲ့အစ်မ ဖြစ်သူနဲ့အတူ ထင်းခုတ်သွားစဉ် တောင်အတက်တစ်နေရာမှာ မြေမြုပ်မိုင်းနင်းမိခဲ့တာလို့ ဒဏ်ရာရသူရဲ့ မောင်ဖြစ်သူ ဦးကျော်လှဌေးက RFA ကိုပြောပါတယ်။

 

ဒဏ်ရာရသူဟာ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စံမေ ဖြစ်ပြီး မိုင်းကြောင့် ယာဘက်ခြေပြတ်ထွက်သွားသလို မျက်နှာပြင်တစ်ခုလုံးနဲ့ မျက်လုံးနှစ်ဘက်ပါထိခိုက်သွားတာပါ။

 

အဲဒီမိုင်းဟာ ဘယ်သူထောင်ခဲ့တယ် ဆိုတာကို မသိရဘူးလို့လည်း ဦးကျော်လှဌေးကပြောပါတယ်။

 

ဒဏ်ရာရသွားတဲ့ ဒေါ်ခင်စံမေကို မနေ့က ညနေမှာ ကျောက်တော်ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကို ဒီနေ့မနက်က ဆက်လက်ပို့ဆောင်လိုက်ရတာပါ။

ကျောက်တော်မြို့က ဖြူစင်မေတ္တာပရဟိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးညီပုက ဒဏ်ရာရလူနာကို မနေ့က လူနာတင်ကားနဲ့တင်ဖို့ ကြိုးစားခဲ့ပေမယ့် ကျောက်တော်တပ်မလုံခြုံရေးဂိတ်က ည ၆ နာရီထိုးရင် လုံခြုံရေး အရ ဖြတ်သန်းခွင့်မပြုဘူးလို့ ပြောတာကြောင့် လူနာကို မြစ်ထဲကနေ စက်လှေနဲ့ တင်ဆောင်လာခဲ့ရတယ်လို့ ပြောပါတယ်။

 

အောက်ခပေါ်ကျေးရွာဟာ အိမ်ခြေ ၉၀ ကျော်ရှိတဲ့ မြိုတိုင်းရင်းသားကျေးရွာဖြစ်ပြီး ရွာသားတွေဟာ တောတောင်ကို အမှီပြုပြီး သစ်ခုတ်၊ ဝါးခုတ်လုပ်ငန်းတွေနဲ့ ရပ်တည်နေကြရတာပါ။

 

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့က ၂၀၂၁ ဇန်နဝါရီလ ၄ ရက်နေ့အထိ လက်နက်ကြီး၊ လက်နက်ငယ်၊ မိုင်း စတာတွေအပြင် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ အရပ်သား ၃၀၈ ဦးနဲ့ ဒဏ်ရာရသူပေါင်းက ၇၀၄ ဦးအထိ ရှိပါတယ်။


https://www.rfa.org/burmese/news/woman-serious-injured-by-landmine-in-kyauktaw-01052021042137.html

No comments:

Post a Comment