Friday, January 1, 2021

ပြန်လွတ်လာသည့် အန်အယ်လ်ဒီပါတီဝင် ၃ ဦး စစ်တွေရောက်၊ မိသားစုနှင့် အဆက်အသွယ်ပြန်ရ

 ပြန်လွတ်လာသည့် အန်အယ်လ်ဒီပါတီဝင် ၃ ဦး စစ်တွေရောက်၊ မိသားစုနှင့် အဆက်အသွယ်ပြန်ရ 


By ပြည့်ဘုန်းအောင် 1 January 2021 Print Email

အေအေအဖွဲ့က ဖမ်းဆီးထားတဲ့ တောင်ကုတ်မြို့နယ် အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ယောက်  ဒီနေ့ ဇန်နဝါရီ ၁ ရက်  နေ့ခင်းပိုင်းမှာ  ပြန်လွတ်လာပြီး စစ်တွေမြို့ကို ရောက်ရှိနေပြီလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။ 


ပြန်လွတ်လာတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဒေါ်နီနီမေမြင့် ရဲ့ ခင်ပွန်းဖြစ်သူ ကိုလင်းနိုင်က “သူတို့ပြန်လွတ်လာပြီဆိုတာ အခု ညနေ လေးနာရီလောက်မှာ မိသားစုနဲ့ဖုန်း နဲ့အဆက်အသွယ်ရပြီ။ တပ်မတော်ဘက်ကနေ သွားကြိုပြီး ခုစစ်တွေက အစိုးရအဖွဲ့ဆီကို  ပြန်လွဲဖို့လုပ်နေတယ်။ အားလုံးကတော့ ကျန်းကျန်းမာမာ ရှိတယ်” လို့  ပြောပါတယ်။ 


ပြန်လွတ်လာသူတွေကို တပ်မတော်ဘက်က ရယာဉ်ယာဉ်နဲ့သွားရောက်ခေါ်ဆောင်ခဲ့ပြီး  လက်ရှိအချိန်မှာတော့ စစ်တွေမြို့ကို ရောက်ရှိနေပြီလို့ မိသားစုဝင်တွေကပြောပါတယ် ။



 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း  ဒေါ်ချစ်ချစ်ချောတို့ ၃ ဦးဟာ တောင်ကုတ်မြို့နယ် အတွင်းမဲဆွယ် စည်းရုံးရေး လုပ်ငန်းတွေဆောင်ရွက်ရာမှာ ပြီးခဲ့တဲ့  အောက်တိုဘာ ၁၄ ရက်နေ့က အေအေအဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာဖြစ်ပြီး အဖမ်းခံရပြီး နှစ်လကျော်အကြာမှာ ပြန်လည် လွတ်မြောက်လာတာပါ။ 


အေအေဘက်ကတော့ ဖမ်းထားသူ ၃ ဦးကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဒီနေ့နေ့လည် ၂ နာရီ ၃၅ မိနစ်မှာ ရခိုင်ပြည်နယ်  မြေပုံမြို့နယ် မိကျောင်းတက်ကျေးရွာမှာ  မြန်မာတပ်မတော်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 


အေအေဘက်ကတော့ ဖမ်းထားသူတွေကို ပြန်လည်လွှတ်ပေးခဲ့သလို အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေကို ငြိမ်းချမ်းရေး ရှေးရှုပြီး ပြန်လွှတ်ပေးဖို့  တောင်းဆိုထားပါတယ်။


အေအေအဖွဲ့နဲ့ တပ်မတော်တာဝန်ရှိသူတွေဟာ   နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း ခုလို အန်အယ်လ်ဒီ ကိုယ်စားလှယ် လောင်းတွေ  ပြန်လည်လွတ်မြောက်ခဲ့တာပါ။


PHOTO- ဝဏ္ဏခွာညို


http://burmese.dvb.no/archives/432039

No comments:

Post a Comment