Friday, January 1, 2021

ငြိမ်းချမ်းလုပ်ငန်းစဉ်များ အဆင်ပြေစေရန် နှစ်လတာအပစ်ရပ်ကြောင်း မဟာမိတ် ၃ ဖွဲ့ကြေညာ

 



အောင်ထိန် | DMG
ဇန်နဝါရီ ၁ ၊ စစ်တွေ

မြန်မာ့တပ်မတော်၊ အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင်ပြေရန်၊ လက်တွေ့ကျသောလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရန်နှင့် နှစ်ဖက်ယုံကြည်မှုတည်ဆောင်နိုင်ရန် နှစ်လတာ တစ်ဖက်သက် အပစ်ရပ်စဲမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ယေန့ ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

မဟာမိတ်သုံးဖွဲ့ဖြစ်သော(TNLA)၊ (MNDAA)၊ (AA)တို့မှ တစ်ဖက်သတ်အပစ်ရပ်ကာလအဖြစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ (ရက်ပေါင်း ၅၉ ရက်)သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။

စစ်ရေးပဋိပက္ခသည် နိုင်ငံရေးကိုအခြေခံ၍ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နိုင်ငံရေးဆန္ဒကို အခြေခံဆွေးနွေးမည် ဆိုလျှင် ငြိမ်းချမ်းသည့်ရလဒ်ကောင်း ထွက်ပေါ်လာနိုင်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက သုံးသပ်သည်။

“ဒီကာလမှာ အေအေဖက်ကလည်း အပစ်အခတ်ရပ်စဲတယ်လို့ ကြောငြာတာဟာ အေအေရဲ့ နိုင်ငံရေးဆန္ဒကို ဖော်ပြတာလို့မြင်တယ်။ ဒါကကောင်းမွန်တဲ့ လက္ခဏာတစ်ခုဖြစ်တယ်။ ဒီဟာကိုအခြေခံပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေနဲ့ သွားမယ်ဆိုရင် အတိုင်းအတာတစ်ခုထိ အရင်ထက်ပိုပြီး ကောင်းမွန်လာမယ်လို့ မြင်ပါတယ်” ဟု ၎င်းကဆိုသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး မိမိတို့ပြည်သူလူထုအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေရန်၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်တည်ငြိမ်မှုရရှိရန်၊ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ပေးရန်အတွက် ယခုကဲ့သို့ အပစ်ရပ်ကြေငြာခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် COVID-19 ထိန်းချုပ်နိုင်ရေး၊ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများအား အထောက်အကူ ပြုရန်နှင့် မြန်မာ့ငြိမ်းချမ်းရေးကိုသာမက ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါလိုလားပြီး နိုင်ငံတကာအကြမ်းဖက် တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းရန်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တပ်မတော်မှလည်း မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးရရှိစေရန်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာဆောင်ရွက်နိုင်ရန်နှင့် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုကို တိုးမြှင့်ရပ်စဲထားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။

သို့သော် နိုင်ငံတော်မှအကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေငြာထားသော အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာများမှအပ ကျန်နယ်မြေများ၌ အပစ်ရပ်စဲထားမည်ဟုဆိုသည်။

ယင်းကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်းခံရသည့် AA နှင့် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သော တပ်မတော်၏ အပစ်ရပ်သက်တမ်းတိုးခြင်းသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ ပါဝင်ခြင်းမရှိကြောင်း စစ်ရေးအကဲခက်သူများက သုံးသပ်ကြသည်။

အကြမ်းဖက်အဖွဲ့အစည်းဟု အစိုးရကကြေငြာထားသောကြောင့် တပ်တော်မှလည်း ယခင်အတိုင်း ထုတ်ပြန်ခြင်းဖြစ်ပြီး သို့သော်အောက်ခြေ၌ဆွေးနွေးမှုများရှိနေသဖြင့် ကြေငြာချက်ထက် လက်တွေ့ လုပ်ဆောင်ခြင်းက ပိုအရေးကြီးကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ရှုမြင်သည်။

“အဓိက လက်တွေ့အလုပ်လုပ်နေတာကိုဘဲ ကျွန်တော်တို့ကကြိုဆိုရမယ်။ အခုက အကြမ်းဖက် အဖွဲ့အစည်းလို့ အစိုးရက ကြေငြာထားတဲ့အခါ အရင်ထုတ်ပြန်တဲ့အတိုင်းပဲ ထုတ်တာလို့ယူဆတယ်။ တကယ်တော့ အောက်ခြေမှာ လက်တွေ့ဆွေးနွေးနေတာကို မြင်ရတယ်ပေါ့။ဒါကြောင့် ဒါကကြေငြာချက်ထက် လက်တြေ့ လုပ်ဆောင်တာကပိုအရေးကြီးတယ် လို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

တပ်မတော်နှင့် AA တို့အကြား နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များ ဒီဇင်ဘာလ ၃၀ ရက်နေ့က အွန်းလိုင်း ဆွေးနွေးမှုအပါအဝင် စုစုပေါင်း ဆွေးနွေးမှု သုံးကြိမ်အထိရှိလာပြီဖြစ်ပြီး ရလဒ်များအရ AA အဖွဲ့မှ ဖမ်းဆီးထားသော NLD ပါတီဝင်သုံးဦးနှင့် တပ်မတော်သားသုံးဦးကို ယေန့ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA အဖွဲ့က သတင်းမီဒီယာအချို့ကို ထုတ်ဖော်ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲ (၂)နှစ်တာကာလအတွင်း စစ်ဘေးရှောင်ဦးရေ နှစ်သိန်းသုံးသောင်း ခြောက်ထောင်ကျော်အထိရှိခဲ့ပြီး တိုက်ပွဲများငြိမ်သက်နေ၍ နေရပ်ပြန်သွားကြသူများရှိသဖြင့် လက်ရှိ စစ်ဘေးရှောင်ဦးရေ တစ်သိန်းကိုးသောင်းကျော်အထိ ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)မှ သိရသည်။

နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တိုက်ပွဲများဆက်လက်မဖြစ်ပွားဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုသာ ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက်ရန် စစ်ဘေးရှောင်များက မျှော်လင့်နေကြသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်တွေမြို့ပေါ်ရှိ ဥဿလင်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးဖြစ်သသည့် ဒေါ်ဦးမေက “ကျွန်မတို့ နေရပ်ပြန်နိုင်အောင် ငြိမ်းချမ်းရေးကို လုပ်စေချင်ပါတယ်။ ကျွန်မတို့ ဒီမှာနေရတာအဆင်မပြေဘူး။ ကိုယ့်ရွာမှာပဲ အေးအေးချမ်းချမ်း လုပ်စားချင်တယ်” ဟု ၎င်းကပြောသည်။

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းမှစ၍ တိုက်ပွဲများ ရပ်တန့် နေသည်မှာ လက်ရှိတွင်တစ်လကျော်ထိကြာမြင့်လာကာ တစ်ဖက်မှာလည်း နှစ်ဖက်ခေါင်းဆောင်များမှ ဆွေးနွေးမှုများရှိလာနေသည့်အတွက် ငြိမ်းချမ်းအရေးအတွက် ရလဒ်ကောင်းများဖြစ်ပေါ်လာနေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/3-alli-cease-fire.html

No comments:

Post a Comment