Thursday, January 28, 2021

အစိုးရ၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများ လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စအရပ်ရပ်ကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာကြရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ မေတ္တာရပ်ခံ

 

အစိုးရ၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများ လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စအရပ်ရပ်ကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာကြရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ မေတ္တာရပ်ခံ

အစိုးရ၊တပ်မတော်နှင့် နိုင်ငံရေးပါတီများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စအရပ်ရပ်တို့ကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာကြရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၉ ရက်)က မေတ္တာရပ်ခံထုတ်ပြန်လိုက်သည်။

လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စများကို ငြင်းခုံမှုမပြုကြဘဲ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာဆောင်ရွက်ကြရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ဥက္ကဋ္ဌအပါအဝင် ဆရာတော်ကြီး (၁၄)ပါးက မေတ္တာရပ်ခံထုတ်ပြန်ထားခြင်းဖြစ်သည်။

ငြင်းခုံခြင်းကိုဘေးဟုရှုမြင်လျက် စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းကိုချမ်းသာကြောင်းတရားဟုခံယူလျက် ညီညွတ်စွာ စေ့စပ်ညှိနှိုင်းဆောင်ရွက်ရေးလည်း လွန်စွာလိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှ မဲမသမာမှုများနှင့်ပတ်သက်၍ တပ်မတော်က အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကိုဖြေရှင်းပေးရန် တောင်းဆိုထားပြီး ဖြေရှင်းမှုမရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများအားလုံးကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောဆိုထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစား၊ မလိုက်နာပါက ဖျက်ပစ်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ထုတ်ဖော်ပြောဆိုထားသေးသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရတို့နှင့် နည်းလမ်းရှာ၍ ညှိနှိုင်းဖြေရှင်းပေးရန်၊ စုပေါင်းအဖြေရှာရန် မည်သည့်ဥပဒေကမျှ အာဏာအပ်နှံထားခြင်း မရှိကြောင်းနှင့် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သည့် မဲဆန္ဒရှင်ပြည်သူလူထုက ၎င်းတို့၏ ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ခြင်းဖြစ်ကြောင်း တပ်မတော်၏ ပြောဆိုမှုအပေါ် ပြန်လည်တုံ့ပြန်ထားသည်။

ထို့အတူ မည်သည့်အခြေအနေဖြင့်ကြုံလာသည်ဖြစ်စေ အမျိုးသားရင်ကြားစေ့ရေးနှင့် အကြမ်းမဖက်ရေးမူဝါဒများကို ဆွဲကိုင်ကာ ဥပဒေနှင့်အညီသာဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က တပ်မတော်၏ ပြောဆိုချက်အပေါ် ပြန်လည်တုံ့ပြန်ထားသည်။

http://sdtimedaily.com/2021/01/29/zm16-44/

No comments:

Post a Comment