မန်ကျော့ရွာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးသုံးစွဲမှုနဲ့ TNLA တပ်ဖွဲ့က ဖမ်းဆီးထား
https://www.shwepheemyay.com/node/158
လွေးအေးမီး၊ ရွှေဖီမြေ
ဒီဇင်ဘာ ၂၁ ရက်၊ မန်တုံ
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် မန်ကျော့ကျေးရွာက ဦးဝမ်ဒေ့နဲ့ ဒေါ်မဆာဆိုသူကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှုရှိမရှိ ဆီးစစ်ရာမှာ ဆီးအောင်ခဲ့တာကြောင့် ဒီဇင်ဘာလ ၁၆ ရက် မနက်မှာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“သူက ခေါင်းမူး၊ သွေးတိုးရောဂါရှိတဲ့အခါကျတော့ သုံးရက်မှာတစ်ခါ သုံးတာတွေ ရှိတယ်။ အဲနေ့မှာ သူက ဝက်စာချက်တဲ့အချိန် သူတို့က တစ်ခါတည်းခေါ်ပြီးတော့ ဆီးစစ်လိုက်တာ။ ဆီးစစ်လိုက်တဲ့အခါကျတော့ အောင်တယ်ဆိုပြီးမှ သူတို့က ခေါ်သွားတာ”
“သူတို့(TNLA)က နောက်နောင်မသောက်ဖို့ သူ့ကို ဒဏ်ငွေ ၇ သိန်းရိုက်တယ်။ ဒုတိုက်နယ်မှူးနဲ့ ဦးလေးတို့နဲ့ အားလုံးကျေနပ်ပြီးမှ လက်မှတ်တွေထိုး ကောင်းကောင်းမွန်မွန် ကျေနပ်ပြီးမှ ပေးလိုက်တာ”
လက်ရှိမှာတော့ ရွှေလီခရိုင် အမှတ်(၅)တိုက်နယ်က ၎င်းတို့ ၂ ဦးကို မန်တုံမြို့နယ် ပန်ခါးကြီးကျေးရွာမှာ ထိန်းသိမ်းထားပါတယ်။
ရွှေလီခရိုင် အမှတ်(၅) တိုက်နယ်က တာဝန်ရှိသူတွေနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
အဲဒီဒေသတွေမှာ TNLA တပ်ဖွဲ့က အဓိက သွားလာလှုပ်ရှားရာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)တပ်ဖွဲ့ကလည်း မန်တုံနဲ့ နမ္မတူမြို့နယ် အစပ်တွေမှာ သွားလာလှုပ်ရှားနေကြပါတယ်။
TNLA တပ်ဖွဲ့ဟာ ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်ကစတင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို စတင်လုပ်ဆောင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#မူးယစ်ဆေး #သုံးစွဲသူ #ဖမ်းဆီး #မန်တုံ #TNLA
#ဓာတ်ပုံ- မိုင်းအနိုင်၊ ရွှေဖီမြေ
https://www.facebook.com/451214215694715/posts/863856421097157/
https://www.facebook.com/shwepheemyaynews/posts/863856421097157
No comments:
Post a Comment