RCSS တပ်ဖွဲ့မှ လုတ်ကန်အုပ်စု နမ့်ခေးကျေးရွာသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် (၉)သိန်းဖြင့်ပြန်လည်ရွေးခဲ့ရ
မိုင်းကိုင် | မားနဂါး ။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် လုတ်ကန်
အုပ်စု နမ့်ခေးကျေးရွာမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၂ရက်နေ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တပ်ဖွဲ့မှ ကျေးရွာသား ၂ဦးကို ဖမ်းဆီခေါ် ဆောင်သွားခဲ့ပြီး ဒီဇင်ဘာလ ၂၄ရက်နေ့မှာ ငွေကျပ်(၉)သိန်းနဲ့ မိသားစုတွေကို ရွေးစေခိုင်းပြီး ပြည်လည် လွတ်ပေးလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။
နမ့်ခေးကျေးရွာသားနှစ်ဦးဖြစ်တဲ့ ဦးပေါ်ဆန်လင်းနဲ့ ဦးအိုက်စံတို့ဟာ ဒီဇင်လ ၂၂ရက်နေ့မှာ ဆိုင်ကယ်ဖြင့် တောင်ယာခြံသွားနေစဉ် RCSS တပ်ဖွဲ့နဲ့လမ်းမှာတွေ့ပြီး စစ်ဆေးရာမှာ ဦးအိုက်စံထံ WY ဆေးပြားနှစ်ပြားတွေ့ လိုက်တဲ့အတွက်ကြောင့် သူတို့နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဆိုပါကျေးရွာသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၉သိန်းနဲ့ပြန်လည်ရွေးခဲ့ရကြောင်းကို ဒေသခံတစ်ဦးက
“ သူတို့ ၂ ယောက်က ဆိုင်ကယ်နဲ့တောင်ယာ ခြံသွားတဲ့အချိန်မှာ RCSS ကသူတို့၂ ယောက်စစ်လိုက်တယ်။ တစ်ယောက်က ဆေးပြား ၂ ပြားတွေ့လို့ သူတို့ ၂ယောက်လုံးကို ဖမ်းခေါ်သွားတယ်။ သူတို့ ၂ယောက်ကို ပိုက်ဆံ ၉ သိန်းနဲ့ပြန်ထုတ်လိုက်ရတယ်” လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။
မူးယစ်ဆေးဝါးတွေ့တဲ့ဦးအိုက်စံ ကိုတော့ ငွေကျပ် ၇
သိန်းနဲ့ပြန်လည်ရွေးရပြီး ဦးပေါ်ဆန်လင်းကိုတော့ ငွေကျပ် ၂သိန်းပြန်လည်သွားရွေးခဲ့ရကြောင်း သူကဆက်ပြောခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးကိုမေးမြန်းရာမှာတော့
"အမှန်က ကျနော်တို့တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းက အဲလိုပိုက်ဆံပေးလို့မရဘူး။ မူးယစ်ဆေးဝါးသုံးစွဲတယ် ဆိုရင်ဖြတ်ပေးတယ်။ ရောင်းဝယ်ဖောက်ကားရင်တော့ ဒဏ်ရိုက်တယ်။ အဲသတင်းတော့ မကြားသိရသေးဘူး။"လို့ မားနဂါး သတင်းဌာနကို ဒီကနေ့ ဒီဇင်ဘာလ ၃ဝရက်နေ့မှာ မားနဂါးသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
ဦးအိုက်စံဆီကို ဆေးပြားတွေ့မိတာတော့ သူတို့စည်းကမ်းနဲ့လုပ်ဆောင်ဖြစ်ပြီး ဦးပေါ်ဆန်လင်း ဆိုသူဟာ မူးယစ်ဆေးဝါးမသုံးစွဲပဲ ဖမ်းဆီးခေါ်ဆောင်ပြီး ငွေ ၂သိန်းကျပ်နဲ့ပြန်လည်ရွေးခိုင်းတယ်ဆိုတော့ တရားမျှတမှုမ ရှိဘူးလို့ ဒေသခံတွေကပြောကြပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4135175433178317?__cft__[0]=AZXlyc1zRuCYAqSQUqmOJjtvxvCouVYZDPd-4DDTSPMCv_82-maZxZZOm-J4Ai721CpXovUUsn9QG2LF1oBKSbjCXgPhuUjL0UAQh3uxOB4vBCY7ePmzpOCD1R2HoSh6QUg_GjB-O-0KId9ryokVtdYW&__tn__=%2CO%2CP-R
No comments:
Post a Comment