🟢 ကြူရှောမြောက်ရွာမှာ ဖွင့်လှစ်ထားတဲ့ တိမ်ပင်လယ်ကို RCSS တပ်ဖွဲ့က ယာယီပိတ်ထားဖို့ပြော
https://www.shwepheemyay.com/node/94
လွေးပိုးဆငယ်၊ ရွှေဖီမြေ
ဒီဇင်ဘာ ၂ ရက်၊ ကျောက်မဲ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကြူရှောကျေးရွာအုပ်စု ကြူရှော(မြောက်)ရွာမှာရှိတဲ့ တိမ်ပင်လယ်ကို ယာယီပိတ်ထားဖို့အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တပ်ဖွဲ့က ပြောဆိုထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်ကနေ စတင်ပြီးတော့ ကျေးရွာရှိ သံဃာတော်တွေ ဦးဆောင်ပြီးတော့ ဖွင့်လှစ်ထားတဲ့ တိမ်ပင်လယ်ကို ကပ်ရောဂါကာလ ဖြစ်တဲ့အတွက်ကြောင့် ဧည့်သည်လာရောက် အပန်းဖြေတာတွေကို ယာယီပိတ်ထားဖို့ RCSS က ပြောဆိုထားတယ်လို့ ကျေးရွာခံတွေဆီကတစ်ဆင့် သိရပါတယ်။
တိမ်ပင်လယ် ပိတ်ထားတာကြောင့် ပြင်ပဧည့်သည် လာရောက်ကြည့်ရှုမှု ခေတ္တ ရပ်နားလိုက်ရတယ်လို့ ကျေးရွာခံတွေက ဆိုပါတယ်။
“ဟိုတစ်နေ့က ရွာကို RCSS ဘက်က ဖုန်းဆက်လာတယ်လို့ ကြားတယ်။ ဘာပြောလဲဆိုတော့ ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အပြင်ဧည့်သည်ကို အပန်းဖြေခွင့်မပြုဖို့ ပြောတယ်။ အခုကာလက ကိုဗစ်ရောဂါဖြစ်နေတယ်ဆိုတာကို နားလည်ပါတယ်။ တစ်ကယ်လို့ သူတို့နဲ့ ညှိနှိုင်းလို့ရရင် ကျွန်တော်တို့ဘက်ကနေပြီးတော့ လူအကန့်အသတ်နဲ့ လုပ်ပြီး ဖွင့်ပေးစေချင်တယ်။ ဒါပေမဲ့ ရပ်ရွာကတာဝန်ရှိတဲ့လူတွေကတော့ သူတို့နဲ့ ပြန်ပြီးညှိနှိုင်းပေးမယ်လို့တော့ ပြောတာပဲ”
ကျေးရွာအနီးတစ်ဝိုက်ဟာ RCSS တပ်ဖွဲ့ အဓိက လှုပ်ရှားသွားလာနေတဲ့ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။
ကပ်ရောဂါကာလကြောင့် ကြူရှော(မြောက်)ရွာက ဖွင့်လှစ်ထားတဲ့ တိမ်ပင်လယ်ကို လူဦးရေ(၃ဝ)သာ အကန့်အသတ်နဲ့ သွားလာခွင့်ပြုနိုင်ဖို့အတွက် ဆွေးနွေးဖို့ရှိတယ်လို့လည်း ရွာခံတွေက ဆိုပါတယ်။
“ကျွန်တော်တို့ကတော့ သူတို့နဲ့ ညှိနှိုင်းဖို့ လုပ်ဆောင်နေတယ်လို့ ကြားတယ်။ ပြီးတော့ RCSS ရဲ့ ကျောက်မဲ ပြည်သူ့ဆက်ဆံရေးတာဝန်ခံဆီကိုလည်း ဒီကိစ္စကို ညှိနှိုင်းပေးဖို့အတွက် ပြောထားပြီလို့လည်း ကြားတယ်။ ညှိနှိုင်းလို့ရရင် ကျွန်တော်တို့အနေနဲ့ ကပ်ရောဂါ ကြိုတင်ကာကွယ်ဖို့အတွက်ရော လုပ်ဆောင်သွားမယ်”
လက်ရှိ ဖွင့်လှစ်ထားတဲ့ တိမ်ပင်လယ်ကနေ ရန်ပုံငွေတွေ ရှာဖွေပြီး ရပ်ရွာဖွံ့ဖြိုးရေးကဏ္ဍမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။
RCSS တပ်ဖွဲ့ရဲ့ ကျောက်မဲမြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ ဒေါ်နန်းမိုးကို ဆက်သွယ်မေးမြန်းရာမှာ “ကျွန်မကြားတာကတော့ ကိုဗစ်-၁၉ ရောဂါကြောင့် လူထူထပ်တာလို့ ပြောတာပါ။ အဲဒါတော့ ကျွန်မတို့ ပိတ်ပင်တာမဟုတ်တဲ့အတွက်ကြောင့် ရွာက ဘုန်းကြီးနဲ့ ရွာကလူကြီးတွေပဲ လုပ်သွားမယ်။ ကျွန်မတို့က ဘာမှမပြောပါဘူး” လို့ ဆိုပါတယ်။
သို့သော် Tachileik News Agency မှာတော့ ဒေါ်နန်းမိုးက ကိုဗစ်ကာလမို့ သတိပေးတာဖြစ်ကြောင်းနဲ့ လောလောဆယ် ယာယီပိတ်ထားဖို့၊ နောက်ပိုင်းကျရင် တစ်ရက်ကို လူဦးရေ အကန့်အသတ်နဲ့ ပြန်ဖွင့်ချင်ရင် ဖွင့်လို့ရအောင် ညှိနှိုင်းထားတယ်လို့ ပြောဆိုထားပါတယ်။
ကြူရှောမြောက်ရွာမှာရှိတဲ့ တိမ်ပင်လယ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်မှာ လူသိများလာခဲ့တာ ဖြစ်ပါတယ်။
တိမ်ပင်လယ်ကို လာရောက်လည်ပတ်လိုသူတွေအနေနဲ့ ကျေးရွာအဝင် ဝါးတားဂိတ်မှာ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း လုပ်ဆောင်ရမှာ ဖြစ်သလို အရက်၊ ဘီယာတွေကိုလည်း သောက်သုံးခွင့်မပြုထားဘူးလို့ ကျေးရွာခံတွေဆီက သိရပါတယ်။
#တိမ်ပင်လယ် #ယာယီပိတ် #RCSS #ကြူရှောရွာ #ကျောက်မဲ
#ဓာတ်ပုံ- Sai Than Oo/မိုင်းအနိုင်၊ ရွှေဖီမြေ/Mai Nyi Kham (Kyushaw)
https://www.facebook.com/451214215694715/posts/85086608
No comments:
Post a Comment