RCSS နှင့် TNLA တို့တိုက်ပွဲကြောင့် ဒဏ်ရာရလူနာအား ကူညီကယ်ဆယ်ရေး မပြုလုပ်နိုင်သေး
Posted: December 31, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ လွယ်အံကျေးရွာအုပ်စုအတွင်း၌ ဖြစ်ပွားနေသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲကြောင့် ဒဏ်ရာရရှိထားသော ဒေသခံရွာသားတစ်ဦးအား ယခုအထိ ကူညီကယ်ဆယ်ရေး မပြုလုပ်နိုင်သေးကြောင်း ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက The Ladies News သို့ ပြောကြားသည်။
ဒီဇင်ဘာလ ၂၈ ရက်က ဖြစ်ပွားသော RCSS နှင့် TNLA တို့၏ တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှုများကြောင့် ပန်လော့ရွာသား အသက် ၃၀ အရွယ် ကိုမောင်ကျန်နှင့် အသက် ၂၀ ကျော်အရွယ် ကိုမောင်လူတို့ ကျည်ထိမှန်ခဲ့ကာ ကိုမောင်ကျန်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကိုမောင်လူမှာ ဒဏ်ရာရရှိထားကြောင်း သိရသည်။
ဦးတင်မောင်သိန်းက '' ဒဏ်ရာရတဲ့လူကတော့ ကျွန်တော်တို့ အခုအထိ ချိတ်ဆက်လို့ မရသေးဘူး။ အဲဒီဘက်မှာလည်း နှစ်ဖက်ထိတွေ့မှု တိုက်ပွဲတွေဖြစ်နေတာ။ အဲဒီတော့ ဒဏ်ရာရတဲ့လူကို ကျွန်တော်တို့ ဘယ်လိုမှ ဆွဲမထုတ်နိုင်ဘူး '' ဟု ဆိုသည်။
ကိုမောင်လူ မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်နှင့် ၎င်း၏ ဒဏ်ရာအခြေအနေအား မသိရှိရသေးကြောင်းကိုလည်း ဦးတင်မောင်သိန်းက ထပ်လောင်းပြောကြားသည်။
'' တောင်ပေါ်နေတဲ့ တိုင်းရင်းသားတွေတောင်မှ ဒီလူနာကို သူတို့လက်ထဲရောက်အောင် မယူနိုင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဖက်ကြားထဲ ရောက်နေတဲ့အတွက် ကိုယ်လွတ်ရုန်းနေရတဲ့အတွက် ဒီဒဏ်ရာလူနာဟာ ဘယ်မှာ ဒဏ်ရာရလဲ၊ ပြင်းထန်တယ် မပြင်းထန်ဘူး။ ဘယ်နေရာရှိတယ်ဆိုတာ ကျွန်တော်တို့ ပြောလို့မရဘူး ဖြစ်နေတယ် '' ဟု ဆိုသည်။
RCSS နှင့် TNLA တို့သည် ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်ကာ ကျောက်မဲမြို့နယ်ရှိ လွယ်အံကျေးရွာအုပ်စု အတွင်း၌ တိုက်ပွဲများဖြစ်ပွားနေပြီး၊ တိုက်ပွဲများကြောင့် လွယ်အံ၊ ကောင်းခါး၊ ပန်လော့၊ ပန်မခမ်းနှင့် မန်ဆပ်ကျေးရွာများမှ ရာနှင့်ချီသော ဒေသခံများသည် ကျောက်မဲမြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
စစ်ရှောင်များခိုလှုံရန်အတွက် ကျောက်မဲမြို့တွင် စစ်ရှောင်စခန်းလေးခု ဖွင့်လှစ်ထားကာ ယနေ့ညရရှိသော စာရင်းအရ စစ်ရှောင်စခန်းများသို့ စစ်ရှောင်ဦးရေ ၈၀၀ ဝန်းကျင် ရောက်ရှိခိုလှုံနေကြောင်း သိရသည်။
စစ်ရှောင်များအတွက် စားသောက်ကုန်နှင့် ဆောင်းတွင်း ကာလဖြစ်သောကြောင့် စောင်အပါအဝင် အခြားသော လိုအပ်ချက်များကို လူမှုကူညီရေးအဖွဲ့များ၊ မြို့ခံများနှင့် အနီးပတ်ဝန်းကျင်ရှိ မြို့များ၏ ကူညီထောက်ပံ့ လှူဒါန်းမှုများကြောင့် လတ်တလောတွင် အဆင်ပြေသော်လည်း တိုက်ပွဲများ ရှည်ကြာလာပါက အခက်အခဲရှိလာနိုင်ကြောင်း ဦးတင်မောင်သိန်းက ပြောကြားသည်။
'' လတ်တလော အနေအထားကတော့ စောင်လည်း လုံလောက်သွားပါပြီ။ အဝတ်အစားတွေလည်း ထိုက်သင့်သလောက်တော့ ရပါပြီ။ ရိက္ခာအနေနဲ့ကတော့ ဆန်၊ ဆီ၊ ဆား ပေါ့ ဒီလိုတွေလာလှူတာတွေလည်း လတ်တလောတော့ အိန္ဒြရေမပျက်ဘူးပေါ့။ သို့သော် ဒီစစ်ပွဲဟာ ရှည်ကြာမယ်ဆိုရင်ပေါ့။ လူတစ်ထောင်လောက်နီးပါးကို ကျွန်တော်တို့ ထိန်းသိမ်းဖို့က ခက်လာပါလိမ့်မယ် '' ဟု ၎င်းကဆိုသည်။
ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ RCSS နှင့် TNLA တို့သည် နယ်မြေအငြင်းပွားမှုကို အကြောင်းပြုပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်ကျော့ပြန်တိုက်ပွဲများ ခပ်စိပ်စိပ်ဆိုသလိုဖြစ်ပွားနေကာ၊ ယနေ့ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးမည့် ရက်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
အောင်ရဲနောင်
The Ladies News
----- ----- -----
The Ladies News
Vote:
http://www.theladiesnewsjournal.com/news/thu-2020-12-31-1419/14228
No comments:
Post a Comment