Sunday, December 27, 2020

RCSS နဲ့ TNLA တိုက်ပွဲကြောင့် ကျောက်မဲဒေသခံ ၃ဝဝ ကျော် မြို့ပေါ်ကို ထွက်ပြေး

 RCSS နဲ့ TNLA တိုက်ပွဲကြောင့် ကျောက်မဲဒေသခံ ၃ဝဝ ကျော် မြို့ပေါ်ကို ထွက်ပြေး

2020-12-28

Email storyComment on this storySharePrint story

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်


ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် လွယ်အံကျေးရွာ အုပ်စုအတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ပန်လော့ရွာ အပါအဝင် အနီးအနားက ရွာသူရွာသားတွေ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေး လာကြရပါတယ်။ တိုက်ပွဲတွေ ဖြစ်ရတာက နယ်မြေကျော်လွန် စစ်ရေးလှုပ်ရှားမှု အပေါ်အခြေခံပြီး ဖြစ်တယ်လို့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့တွေက ပြောကြပါတယ်။


ကျောက်မဲမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ကျေးရွာတွေအနီးမှာ RCSS နဲ့ TNLA တပ်တွေတိုက်ပွဲဖြစ်တာ ဒီဇင်ဘာ ၂၈ ရက်နေ့ အထိဆိုရင် လေးရက်လောက်ရှိနေပြီလို့ ကောင်းခါးကျေးရွာဒေသခံက RFA ကိုပြောပါတယ်။


"ပန်လော့ရွာမှာ အကုန်ထွက်ပြေးသွားပြီ။ အခြေအနေ သိပ်မဟန်လို့ ကြောက်ပြီး ထွက်သွားကြတာလေ။ RCSS နဲ့ ပလောင်တပ်ဖွဲ့ TNLA သူတို့အဖွဲ့တွေ ကြား ဖြစ်နေကြတာ။ ဒီရက်နဲ့ဆို လေးရက်ရှိသွားပြီ။ သူတို့အဖွဲ့ အချင်းချင်းကြား ဖြစ်နေကြတာ။ ဒီဘက်မှာဆိုရင် ရွာအပြင်မှာ ပစ်တာ ရွာထဲကို ကျည်ဆန်တွေ အကုန်ရောက်တယ် လို့ ပြောသံကြားတာပဲ။ ထွက်ပြေးတာတော့ ပန်လော့တရွာလုံး အကုန်ထွက်သွားပြီ"


ပန်လော့ရွာအနီး တိုက်ပွဲမှာ ရွာထဲကို လက်နက်ကျည်တွေကျပြီး ပန်လော့ရွာ၊ ပန်မခမ်းရွာက ကျေးရွာသားတွေ ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး ကျောက်မဲဖက်ကို ထွက်ပြေးနေကြတယ်လို့ ကောင်းခါးရွာသူတစ်ဦးက RFA ကို ပြောပါတယ်။


TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ တိုက်ပွဲပြင်းထန်နေတာ လေးရက်လောက်ရှိနေပြီဖြစ်ပြီး RCSS က သူတို့ရှိတဲ့နေရာကို ထိုးစစ် ဆင်လာတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။


"သူတို့က ကျနော်တို့ဘက်ကို စည်းကြောင်း နှစ်ကြောင်း သုံးကြောင်းလောက် ထိုးတက်ပြီးမှ လာရောက် တိုက်ခိုက်တာဖြစ်တယ်။ ဒီနှစ်ရက် သုံးရက်အတွင်း တောက်လျှောက် သူတို့က ထိုးလိုက် ဒီဘက်က ဆုတ်လိုက်နဲ့။ ဒီနေ့နဲ့ဆို တိုက်ပွဲက လေးရက်ရှိပြီ။ အစ သုံးရက်ကတော့ တော်တော်လေး ပြင်းထန်တယ်။ အစကတည်းက ကျနော်တို့ အဲဒီမှာ နေထားတယ်။ သူတို့ဘက်က တမင်သက်သက်လာပစ်လို့ ဖြစ်သွားတာဖြစ်တယ်"


ဒီဇင်ဘာ ၂၅ ရက်နေ့လောက်က ကျောက်မဲမြို့နယ်အတွင်း TNLA နဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိပြီး နောက်ပိုင်း တိုက်ပွဲဖြစ်တာမရှိကြောင်း RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းအွမ်ခေးက ပြောပါတယ်။


"သုံးရက်အတွင်း တိုက်ပွဲတော့ မကြားသိရသေးဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့တုန်းကတော့ TNLA တပ်ဖွဲ့က RCSS ရှိတဲ့နေရာကို အလစ်ဝင်တိုက်တယ်။ အဲ့လိုနဲ့ပဲ ပစ်လိုက် ပြန်ဆုတ်ခွာလိုက်နဲ့ပဲ ငြိမ်သွားတာပေါ့နော်"


ကျေးရွာတွေအနီးမှာ နှစ်ဖက်တပ်တွေ အင်အားထပ်မံဖြည့်တင်းနေတာကြောင့် တိုက်ပွဲ ဆက်ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံက ပြောပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ပန်လော့ရွာဟာ ၂၀၁၆ ခုနှစ်ကလဲ RCSS နဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာဖြစ်ပါတယ်။


ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်ကတော့ တိုက်ပွဲဖြစ်စဉ် အသေးစိတ်နဲ့ ထွက်ပြေးလာသူတွေ စာရင်းကို မသိရသေးကြောင်း အကူအညီ လိုအပ်နေတဲ့သူတွေကို ကူညီနိုင်အောင် စီစဉ်ပေးမယ်လို့ ပြောပါတယ်။


တိုက်ပွဲကြောင့် အိမ်ခြေ ၇၀ လောက်ရှိတဲ့ ပန်လော့ရွာ၊ အိမ်ခြေငါးဆယ်လောက်ရှိတဲ့ ပန်မခမ်းရွာနဲ့ အိမ်ခြေ ၇၀ လောက်ရှိတဲ့ ကောင်းခါးကျေးရွာတွေက ရွာသားတွေ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးနေကြရတာပါ။ ထွက်ပြေးလာသူတွေ သုံးရာကျော်လောက်အထိ ရှိလာနိုင်တယ်လို့ ကျောက်မဲမြို့ အိုတမာဝ် လူမှုကူညီရေးအသင်းက မိုင်းအဘမ်းက ပြောပါတယ်။


"ဒီနေ့ကျတော့ သုံးရာ လေးရာလောက် ခန့်မှန်းခြေရှိတယ်။ အခု ပရဟိတအဖွဲ့ပေါင်းစုံ အကုန်လုံး ဒီမှာ ရောက်လာပြီ။ အခုက ဆိုင်ကယ်နဲ့ ဆင်းလာတဲ့သူတွေ များတယ်။ ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်ဆင်းတဲ့ သူတွေက ကျော်သွားပြီ။ ခြေကျင်လျှောက်တဲ့သူက တသုတ်ရောက်နေပြီ။ လွယ်အံ၊ ကောင်းခါး၊ ပန်လော့ လောလောဆယ် သိရသလောက်ပေါ့။ လောလောဆယ် ပန်လော့ဘက်က ဆင်းလာတာ သုံးရာလောက်ရှိတယ်။ လေးငါးရာတော့ ခန့်မှန်းခြေရှိမယ်ထင်တယ်"


ကျေးရွာတွေကနေ ခြေလျင်ထွက်ပြေးလာကြတဲ့သူတွေကို သီပေါနဲ့ ကျောက်မဲက ပရဟတိအဖွဲ့တွေ ကျောက်မဲနဲ့ ခြောက်မိုင်လောက်ဝေးတဲ့ မိုင်းတင်းကျေးရွာမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က သွားပြီး ခေါ်ဆောင်နေကြတာပါ။ မနေ့က ညနေပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ထွက်ပြေးလာသူတွေကို ကျောက်မဲမြို့မှာပဲ စောင့်ဆိုင်းနေရပြီး ညပိုင်း ထပ်မံ ထွက်ပြေးလာသူရှိရင် သွားခေါ်မယ်လို့ အကူအညီပေးနေတဲ့ သီပေါနယ်စည်းမခြား ပရဟတိအဖွဲ့က ပြောပါတယ်။


မနေ့က နေ့လယ်အထိ လူဦးရေ ရှစ်ဆယ်လောက်ကို ကျောက်မဲမြို့ကို ခေါ်လာပြီး အရင်ရက်က ရောက်လာသူတွေနဲ့ ဆိုရင် လူဦးရေတစ်ရာ့ငါးဆယ်လောက်အထိ ရှိနေတယ်လို့ သွားရောက် ခေါ်ဆောင်ရာမှာ ပါဝင်တဲ့ နောင်ပိန် ကမ်းလင့်လက်ပရဟတိအဖွဲ့က ကိုနေအောင်က ပြောပါတယ်။ ထွက်ပြေးလာသူတွေကို ကျောက်မဲမြို့ ဝါဆိုကျောင်းမှာ နေရာချထားမှာဖြစ်ပြီး ဝါဆိုကျောင်းမှာ နေရာမဆံ့ရင်တော့ တခြားနေရာတွေကို စီစဉ်သွားမယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။


ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ RCSS နဲ့ TNLA တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ ကျောက်မဲ၊ သီပေါ၊ နမ္မတူမြို့နယ်တွေအတွင်းက ကျေးရွာတွေမှာ ၂၀၁၆ ခုနှစ်နောက်ပိုင်း နှစ်ဖက်တပ်တွေ တိုက်ပွဲကြောင့် ရှမ်း၊ တအာင်းနဲ့ ဒေသတွင်းနေထိုင်တဲ့ လူမျိုးစုတွေ မကြာခဏ ဆိုသလို နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။


နမ္မတူမြို့နယ် နမ့်ပိုင်ရွာအနီးမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ငါးနာရီလောက်က ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်တွေအပေါ် လက်နက်ကြီးကျလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာ ရသွားပါတယ်။


တိုက်ပွဲကြောင့် နားကျဲရွာအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံအချို့ မန်စံကျေးရွာ ဘုန်းကြီး ကျောင်းမှာ စစ်ဘေးရှောင်ခဲ့ရပြီး နေရပ်ပြန်သွားကြတာ မကြာသေးပါဘူး။ နှစ်ဖက် လက်နက်ကိုင်အဖွဲ့တွေကတော့ နယ်မြေကျော်လွန် စစ်ရေးလှုပ်ရှားမှု အပေါ်အခြေခံပြီး တိုက်ပွဲဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒေသခံတွေကတော့ တိုက်ပွဲတွေ ဆက်မဖြစ်ဖို့နဲ့ နှစ်ဖက်တပ်တွေ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုထားကြပါတယ်။


တိုက်ပွဲတွေဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်တွေကြား ၂၀၁၇ ခုနှစ်က ပထမ အကြိမ် တရုတ်နယ်စပ်မှာ တွေ့ဆုံထားပြီး ဒုတိယ အကြိမ် ထပ်မံတွေ့ဆုံနိုင်ဖို့ ရလဒ်ထွက်ထားပေမယ့် ထပ်မံ တွေ့ဆုံဆွေးနွေးကြတာ မရှိသေးဘဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။


https://www.rfa.org/burmese/news/300-residents-in-kyaukme-flee-due-to-clashes-between-rcss-and-tnla-in-northern-shan-state-12282020121100.html

No comments:

Post a Comment