ရှမ်းပြည်နယ်က ဦးခွန်ထွန်းဦးနဲ့ ဗိုလ်ချုပ်ကြီးဆေထင်တို့လို ထိပ်သီးခေါင်းဆောင်တွေနဲ့ နိုင်ငံရေး၊ စစ်ရေး လူထုအဖွဲ့အစည်း အင်အားစုပေါင်းစုံ ပါဝင်တဲ့ CSSU ရှမ်းပြည်ညီညွတ်ရေးကော်မတီ အထူးအစည်းအဝေးတခု သောကြာနေ့က ကျင်းပပြီးစီးခဲ့ပါတယ်။ ဒီအစည်းအဝေးရဲ့ ထူးခြားမှုကို ပြောခွင့်ရ စိုင်းကျော်ညွန့်က ခုလို စရှင်းပြပါတယ်။
စိုင်းကျော်ညွန့် - “CSSU အစည်းအဝေးက ကျနော်တို့ ဒုတိယတန်း ခေါင်းဆောင်တွေတော့ ပုံစံတမျိုးမျိုးနဲ့ တွေ့ခွင့်ရှိတယ် ဆိုပေမယ့် ပထမတန်း ထိပ်တန်းခေါင်းဆောင်တွေ တွေ့ခဲ့တာ မရှိဘူးလေ။ တော်တော်ကြာပါပြီ၊ ၂၀၁၆ ကတည်းက ဆိုတော့။ ကျနော်တို့ မီကာဆာမှာလုပ်တယ်၊ အစိုးရက လာတားတယ်။ တောင်ကြီးတို့ ဘာတို့မှာ လုပ်မယ်ဆိုရင်လည်း အစိုးရက ခွင့်မပြုဘူးလေ။ ထိုင်းအထိ သွားလုပ်တာတောင်မှ ဒီဘက်အစိုးရကနေ ဟိုဘက်အစိုးရကို လှမ်းပြီးတော့ တားတာဆီးတာတွေ ရှိခဲ့တော့ အခုပွဲမှာတော့ အွန်လိုင်းဆိုတော့ သူတို့လည်း တားလို့မရဘူးပေါ့ဗျာ။ တကယ့်ထိပ်သီးခေါင်းဆောင် တော်တော်များများက ပြန်ပြီးတော့ တွေ့ဆုံဆွေးနွေးရတဲ့ပွဲဆိုတော့ နှစ်ပေါင်း လေးငါးနှစ်အတွင်းမှာတော့ ပြန်ပြီး တွေ့ဆုံနိုင်တယ်ဗျာ။ လူချင်းမတွေ့ဆုံနိုင်ပေမယ့် အွန်လိုင်းမှာ တွေ့ဆုံနိုင်တယ်ဆိုတော့ ထူးခြားချက်လို့တော့ ပြောလို့ရပါတယ်။”
ကိုဝင်းမင်း - အထူးသဖြင့်တော့ အခုလို ထူးထူးခြားခြား အခုကာလကလည်း ရွေးကောက်ပွဲအပြီးကာလနဲ့ တိုက်ဆိုင်နေတဲ့အခါကျတော့ အဲဒီအပေါ်မှာရော။စိုင်းကျော်ညွန့် - “ကေျနာ်တို့ရှမ်းပါတီ ပါတာပေါ့ဗျာ၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ ပါတယ်၊ ရှမ်း CSO ပေါ့၊ အရက်ဘက် လူမှုအဖွဲ့အစည်းတွေ ပါတယ်။ ဒါပေမယ့် ကေျနာ်တို့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းကို သုံးသပ်တယ် ဆိုပေမယ့်လည်း လက်ရှိ အနိုင်ရတဲ့ ပါတီကြီးပေါ့ဗျာ သူတို့ရဲ့ သဘောထားပေါ်မှာလည်း အများကြီး မူတည်မှာပါ။ ဒါပေမယ့် ကျနော်တို့ ဒီလို စုဆုံပြီးတော့ ကျနော်တို့ ရှမ်းအင်အားစုတွေမှာ အဆင်သင့်ဖြစ်တယ်လို့ ပြောချင်တာပါ။”
ကိုဝင်းမင်း - ဒီနေရာမှာ ရွေးကောက်ပွဲ အပြီးကာလ ဖြစ်တဲ့အတွက် အခုချိန်ကို မှန်းပြီးတော့ရော စီစဉ်ခဲ့တဲ့ သဘောမျိုးလား၊ အခုချိန်မှ ဘာကြောင့် ဖြစ်လာရတာလဲ။
စိုင်းကျော်ညွန့် - “တကယ်တမ်းတော့ အဲလိုရည်ရွယ်ပြီး လုပ်တာတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ခေါင်းဆောင်တွေလည်း မတွေ့တာကြာပြီ၊ ပြီးရင် ဟိုဘက် ဒီဘက် အဖွဲ့ပေါ့ဗျာ၊ လက်နက်ကိုင် ရှမ်းတော်လှန်ရေးအဖွဲ့တွေ အချင်းချင်းမှာလည်း အောက်ခြေမှာ ထိတွေ့မှုတွေ တချို့လည်းရှိတယ်။ ပြီးရင် ဒီမှာ ရွေးကောက်ပွဲ အပြောင်းအလဲလည်း ဖြစ်တဲ့အချိန်ကျတော့ ခေါင်းဆောင်တွေကတော့ ဒီအချိန်မှာ အရေးကြီးတယ်၊ ကျနော်တို့ ဒုတိယတန်း တတိယတန်း ခေါင်းဆောင်တွေက ဒီလူကြီးတွေရဲ့ မြော်မြင်ချက်ပေါ့ဗျာ၊ သူတို့ ရည်မှန်းချက် ပန်းတိုင်အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က ဘာတွေ ဆက်လက် ဆောင်ရွက်ရမလဲ ဆိုတဲ့ဟာကို သိချင်တာကိုး။ ဒါ ကျနော်တို့ ရှမ်းတခုတည်း ညီညွတ်ရေး မဟုတ်ဘူး။ ရှမ်းပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ ညီညွတ်ရေးတင် မကဘူးပေါ့ဗျာ၊ ပြည်ထောင်စုတခုလုံးရဲ့ ညီညွတ်ရေးကိုပါ သူတို့ ကွက်ကွက်ကွင်းကွင်း ပြောခဲ့နိုင်တယ်၊ လမ်းညွှန်ခဲ့နိုင်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”ကိုဝင်းမင်း - အခုလို ထိပ်ပိုင်း သမိုင်းဝင်ခေါင်းဆောင်ကြီးတွေက အဓိက ဘာတွေ လမ်းညွှန်ခဲ့လဲ။
စိုင်းကျော်ညွန့် - “သူတို့ရဲ့ ဘဝပေးသင်ခန်းစာတွေနဲ့ယှဉ်ပြီး ညွှန်ကြားခဲ့တာပါ။ စုပေါင်းအင်အားဆိုတာလည်း စုပေါင်းခေါင်းဆောင်မှု မရှိဘဲနဲ့ မရှိနိုင်ဘူးလေ။ စုပေါင်းခေါင်းဆောင်မှပဲ စုပေါင်းအင်အားဆိုတာ ပေါ်မှာကိုး။ ပြီးရင် စုပေါင်းအကောင်အထည်ဖော်မှုပေါ့ - Collective action ပေါ့ဗျာ။ အဲဒါတွေရှိမှပဲ ရှမ်းတွေလိုချင်တဲ့ဟာတွေ၊ ရှမ်းပြည်လိုချင်တဲ့ဟာတွေ၊ ဒီပြည်ထောင်စု လိုချင်တဲ့ဟာတွေ လုပ်ခဲ့နိုင်မယ်လို့ သူတို့က ခိုင်ခိုင်မာမာ ယုံကြည်တယ်ဗျ။ ကျနော်တို့ တကယ့်ကို စုပေါင်းခေါင်းဆောင်မှုနဲ့ အလုပ်လုပ်ကြဖို့ သူတို့ အရမ်းတိုက်တွန်းတယ်။”
ကိုဝင်းမင်း - ဒီ စုပေါင်းအကောင်အထည်ဖော်တာထက် ဘာတွေဆက်လုပ်ဖို့ရော။
စိုင်းကျော်ညွန့် - “ကျနော်တို့ တောက်လျှောက်လုပ်ခဲ့တာတော့ ၂၀၁၇-၁၈ ပြည်သူလူထုနဲ့ သွားပြီးတော့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လေဗျာ။ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်၊ ပြုမယ်ဆိုပြီးတော့ ဖြစ်တော့ကာ အကြိုဆွေးနွေးပွဲတွေပေါ့။ အဲဒီအချိန်မှာကတည်းကိုက ဒီပြည်ထောင်စုကြီးကို ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ၊ ပြည်သူတွေက ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေ၊ အကြံပြုချက်တွေကို အဲဒီအပေါ်မှာ ဒီ CSSU မှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေ အားလုံးက သဘောတူထားတဲ့ ဘုံသဘောတူညီမှု ရှိပါတယ်။ အဲဒီအပြင် ဒီ အခုနောက်ဆုံး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာ သဘောတူညီမှု မရသေးဘူးဆိုပေမယ့် ပြည်နယ်ဖွဲ့စည်းပုံဆိုတာ မကြာခင်မှာ ဘာပဲပြောပြော ရေးဆွဲရမှာလေ။ အဲဒီအပေါ်မှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ ဘယ်လိုရေးဆွဲမယ်ဆိုတဲ့ မူကြမ်းအဆင့်လောက်တော့ ပြီးပါပြီဗျာ။”
ကိုဝင်းမင်း - ဒီနေရာမှာ အထူးသဖြင့် တပ်မတော်အနေနဲ့ စိုးရိမ်းတာတွေ ရှိပါတယ်။ ရှမ်းနိုင်ငံရေးအဖွဲ့တွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေ အားလုံးပေါင်းပြီးတော့ စုဝေးဆွေးနွေးကြပြီးတော့ လူထုတွေပါ များများစားစား ပါလာရင် ရှမ်းပြည်နယ်ကြီး ခွဲထွက်သွားမလားပေါ့နော်။ အဲဒီတော့ ဒီတခေါက် အခုလို ဒီပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာရော။
စိုင်းကျော်ညွန့် - “အခု နိုင်ငံရေးအခင်းအကျင်းကလေ ရခိုင်နဲ့ တပ်မတော်က တွေ့ဖို့တောင်မှ UWSA ရဲ့ ထိန်းချုပ်မှုဒေသအောက်မှာ သွားတွေ့ကြတယ်လေဗျာ။ ကြည့်ရတာ တပ်မတော်ရဲ့ သဘောထားတွေလည်း အတော်အတန် ပြောင်းလဲလာတာကိုလည်း တွေ့ရတယ်ပေါ့။ အဲဒီတော့ ကျနော်တို့ကိုလည်း သူတို့ စိုးရိမ်စရာရှိမယ်လို့ ကျနော်တို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရှမ်းတွေက သမိုင်းနဲ့ချီပြီးတော့ဗျာ ၁၉၄၇ ပင်လုံစာချုပ်ဆိုရင်လည်း ရှမ်းတွေဦးဆောင်ပြီးတော့ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ခဲ့တာ ဖြစ်တယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ အခုထက်ထိ ယုံကြည်နေသေးတယ်။”
ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်။
https://burmese.voanews.com/a/shan-cssu-meeting/5706380.html
No comments:
Post a Comment