မြောက်ဦးခရိုင် မြေပုံမြို့နယ်အတွင်းက ကိုင်းကြီးနဲ့ စညှင်းစစ်ဘေးရှောင်စခန်းမှာ ရိက္ခာပြတ်တောက်မှု ဖြစ်ပွားနေတယ်လို့ စခန်းတာဝန်ခံတွေနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
မြေပုံမြို့နယ် အင်ကြင်းကျေးရွာကနေ စညှင်းစစ်ဘေးရှောင်စခန်းကို မိသားစုနဲ့အတူတူ ထွက်ပြေးလာတဲ့ ဒေါ်ကြည်ကြည်ဝင်းက "စားဝတ်နေရေး ကတော့ သိပ်အဆင်မပြေပါဘူး။ အဝတ်အစားတွေကလည်း လှူတဲ့သူလာမှရပါတယ်။ စားဝတ်နေရေးကတော့ အခက်အခဲဖြစ်နေပါတယ်။ အခုလည်း ရိက္ခာပြတ်နေတယ်"လို့ ပြောပါတယ်။
မြေပုံမြို့နယ်အတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် သောင်းနဲ့ချီတဲ့ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးပြီး စစ်ဘေးရှောင်စခန်းတွေမှာ လာရောက် ခိုလှုံနေကြရတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်စခန်းမှာ စားဝတ်နေရေးအခက်အခဲတွေကြောင့် အဆင်မပြေမှုတွေရှိတဲ့အပြင် သူတို့အိမ်မှာ နေထိုင်ရတာလောက် အဆင်ပြေမှုမရှိကြောင်းကိုလည်း စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
စညှင်းစစ်ဘေးရှောင်စခန်းက ဦးထွန်းစိန်ပြောတာက "စားဝတ်နေရေး အခြေအနေကတော့ နေစရာအဆင်မပြေပါဘူး။ စားဝတ်နေရေးက အခက်အခဲ၊ ရိက္ခာတွေကလည်း လုံလုံလောက်လောက်မရောက်နိုင်လို့ အဆင်မပြေပါဘူး"လို့ အခက်အခဲကိုပြောပြပါတယ်။
မြေပုံမြို့နယ် ကိုင်းကြီးစစ်ဘေး ရှောင်စခန်းက စခန်းတာဝန်ခံ ကိုရွှေစိုးကလည်း ကိုင်းကြီးနဲ့ စညှင်းစစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်တောက်မှု အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
မြေပုံမြို့နယ် ကိုင်းကြီးနဲ့ စညှင်းစစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၁၅၆ စု ရှိပြီး လူဦးရေ ၅၂၀ ရှိတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင်ဦးရေ ၂၃၀,ဝဝဝ ကျော်ရှိတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရသိရပြီး လက်ရှိမှာ စစ်ပွဲတွေရပ်နေလို့ ယာယီသဘောနဲ့ နေရပ်ပြန်သူတချို့လည်း ရှိနေပါတယ်။
http://thevoicemyanmar.com/news/45109-may
No comments:
Post a Comment